ဘိုင်ယန်မြူးနစ်နည်းပြ သောမတ်စ်တူဟယ်လ်က အသင်းအတွက် လိုအပ်တဲ့ ကစားသမားသာဖြစ်မယ်ဆိုရင် အဆိုပါ ကစားသမားအတွက် ပုံအောသုံးစွဲသွားမှာဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။ ဘိုင်ယန်မြူးနစ်ဟာ လက်ရှိနွေမှာ ဟယ်ရီကိန်းကို ခေါ်ယူဖို့ ကြိုးစားလျက်ရှိပါတယ်။
ဒါပေမယ့်လည်း စပါးဘက်က ပြောင်းရွှေ့ကြေးကို အနည်းဆုံး ပေါင်သန်း (၁၀၀) ဝန်းကျင် သတ်မှတ်ထားပြီး ဘိုင်ယန်မြူးနစ်ကတော့ ပေါင်သန်း (၈၀) ဝန်းကျင်နဲ့ ခေါ်ယူဖို့ ပစ်မှတ်ထားနေပါတယ်။ ဒါ့အပြင် ဟယ်ရီကိန်းရဲ့နေအိမ်အထိ တူဟယ်လ်က လိုက်သွားပြီး စည်းရုံးခဲ့တယ်လို့လည်း သတင်းတွေက ဖော်ပြနေပါတယ်။
လက်ရှိဟယ်ရီကိန်းရဲ့ အပြောင်းအရွှေ့နဲ့ ပတ်သက်လို့ တူဟယ်လ်က “ကျွန်တော်တို့နဲ့အတူ စာချုပ်မရှိတဲ့ ကစားသမားတွေအကြောင်းကို ကျွန်တော် မှတ်ချက်ပေးမှာ မဟုတ်ပါဘူး။ ဒါပေမယ့် ကျွန်တော်တို့ ဒီနေရာအတွက် ကစားသမားသစ်ရှာဖွေနေပါတယ်။ တကယ်လို့သာ ကစားသမားတစ်ယောက်က ကျွန်တော်တို့ကို ကူညီပေးနိုင်မယ်လို့ ယုံကြည်ရင် ကျွန်တော်တို့အသင်းက ပုံအောပြီးတော့ကို လိုက်မှာပါ” လို့ ပြောကြားသွားခဲ့ပါတယ်။
ဟယ်ရီကိန်းကို ခေါ်ယူဖို့ ဘိုင်ယန်မြူးနစ်အပြင် လက်ရှိအချိန်မှာ ပီအက်စ်ဂျီလည်း ပါဝင်လာခဲ့ပါတယ်။ တစ်ဖက်မှာလည်း စပါးဥက္ကဌ လီဗိုင်းက ဟယ်ရီကိန်းအတွက် နောက်ကွယ်က ချဥ်းကပ်ခဲ့တဲ့ ဘိုင်ယန်မြူးနစ်ကို ဒေါသထွက်နေပြီး ပြောင်းရွှေ့ကြေးကို ပေါင်သန်း (၁၂၀) အထိ ဆွဲတင်သွားဖို့လည်း သတင်းထွက်ပေါ်နေပါတယ်။
ဟယ်ရီကိန်းကတော့ ဘိုင်ယန်မြူးနစ်ကို ပြောင်းရွှေ့လိုသည့်တိုင် လက်ရှိ စပါးရဲ့ ရာသီကြိုခြေစမ်းခရီးစဥ်မှာ လိုက်ပါသွားခဲ့ပြီဖြစ်ပါတယ်။ တစ်ဖက်မှာလည်း ဟယ်ရီကိန်းက ဘိုင်ယန်မြူးနစ်ကို ပြောင်းရွှေ့ဖို့ စိတ်ဝင်စားနေသည့်တိုင်အောင် စပါးကိုတော့ ပြန်လည်တွန်းအားပေးသွားမှာ မဟုတ်ကြောင်း သိရှိရပါတယ်။