ယူနိုက်တက်နည်းပြ တန်ဟက်ခ်ဟာ အသင်းရဲ့ လေ့ကျင့်ရေးကွင်းမှာ ကစားသမားတွေရဲ့ ကစားဟန်ကို ကျေနပ်အားရခြင်းမရှိတာကြောင့် ကိုယ်တိုင် လက်တွေ့ပြသခဲ့ကြောင်း သိရှိရပါတယ်။ ယူနိုက်တက်ဟာ ရာသီကြိုခြေစမ်းပွဲတွေမှာ ကျေနပ်လောက်စရာ ရလဒ်တွေကို ရယူနိုင်ခဲ့ခြင်း မရှိပါဘူး။
ဒါ့အပြင် လေ့ကျင့်ရေးကွင်းမှာလည်း တန်ဟက်ခ်က ရှေ့ကနေရာလွတ်ကို ပြေးမဝင်တဲ့ အန်တိုနီနဲ့ ပတ်သက်လို့ ဒေါသထွက်ခဲ့ပြီး ဘယ်လို ကစားရမယ်ဆိုတာကို ကိုယ်တိုင် လက်တွေ့ပြသခဲ့ပါတယ်။ အန်တိုနီဟာ မလိုအပ်ဘဲနဲ့ အသင်းဖော် မက်ဂွိုင်းရားရှိနေတဲ့နောက်ကို ဘောလုံးပြန်ချခဲ့ပြီး အဲ့ဒီဘောလုံးကလည်း အိုနာနာဆီ တစ်ဆင့် ပြန်ရောက်သွားခဲ့ပါတယ်။
အဲ့ဒီအချိန်မှာ တန်ဟက်ခ်က ကစားပွဲကို ချက်ချင်းရပ်ပစ်ခဲ့ပြီး ကစားသမားတွေကို တိုက်စစ်ပိုဆင်ဖို့ ညွှန်ကြားခဲ့ပါတယ်။ ဒါ့အပြင် တန်ဟက်ခ်က ဘောလုံးရထားချိန်မှာ ဘယ်လိုကစားရမယ်ဆိုတာကို ကိုယ်တိုင်နေရာယူ ကစားပြခဲ့ပြီး လင်ဒီလော့ဖ်ဆီလည်း ဘောလုံး ပေးပိုခဲ့ပါတယ်။ အဲ့ဒီနောက်မှာ မက်ဂွိုင်းရားကို ရှေ့တက်ဖို့ တိုက်တွန်းခဲ့ပြီး နောက်ထပ် ဘောလုံးပေးဖို့ အခွင့်အရေးရရှိခဲ့ပါတယ်။
အဲ့ဒီနောက်မှာတော့ ယူနိုက်တက် ကစားသမားတွေရဲ့ ကစားဟန်က အဆင်ပြေသွားခဲ့တယ်လို့ ဆိုနိုင်ပြီး တိုက်စစ်ကို စနစ်တကျ ရွေ့လျားကစားသွားနိုင်ခဲ့ပါတယ်။ တန်ဟက်ခ်ဟာ ပြီးခဲ့တဲ့နွေရာသီက အသင်းကို စစရောက်ချိန်မှာလည်း လူငယ်ကစားသမားတွေကို လေ့ကျင့်ရေးကွင်းမှာ တစ်ဦးချင်း အနီးကပ် လေ့ကျင့်ပေးခဲ့ပါသေးတယ်။
တိုက်စစ်အားသန် နည်းပြ တန်ဟက်ခ်ဟာ သူ့အသင်းကို ဘောလုံးဆုံးရှုံးလိုခြင်းမရှိဘဲ အချိန်ပြည့် ဘောလုံးကိုင်ရင်း တိုက်စစ်ဆင်နေဖို့ကိုသာ ဆန္ဒရှိနေတာပါ။ အဲ့ဒါကြောင့်လည်း အခုလိုမျိုး လေ့ကျင့်ရေးကွင်းမှာ တန်ဟက်ခ်ရဲ့ စိတ်အားထက်သန်မှုကို မြင်တွေ့နေရပြီး ယူနိုက်တက် ကစားသမားတွေ ပိုမိုတိုးတက်လာဖို့လည်း ပရိသတ်တွေက မျှော်လင့်နေပါတယ်။