ဒကလန်ရိုက်စ်က လက်ရှိအသင်းနဲ့ပတ်သက်လို့ ပြောခဲ့တာပါ။

ဝက်စ်ဟမ်းကနေ အာဆင်နယ်ကို ပြောင်းရွှေ့လာခဲ့တဲ့ ကွင်းလယ်လူ ဒကလန်ရိုက်စ်က အာဆင်နယ်အနေနဲ့ ကမ္ဘာ့အကောင်းဆုံးအသင်းတွေထဲက တစ်သင်းဖြစ်လာမယ်လို့ ယူနိုက်တက်နောက်ခံလူဟောင်း ဖာဒီနန်ကို ပြောကြားခဲ့ပါတယ်။ ရိုက်စ်ဟာ ဗြိတိန်စံချိန်တင်ပြောင်းရွှေ့ကြေးဖြစ်တဲ့ ပေါင် (၁၀၅) သန်းနဲ့ အာဆင်နယ်ကို ရောက်ရှိလာခဲ့တာပါ။



အာဆင်နယ်ဟာ ပြီးခဲ့တဲ့ဘောလုံးရာသီက ပရီးမီးယားလိဂ်ချန်ပီယံဆုနဲ့ အနီးစပ်ဆုံးဖြစ်ခဲ့ပြီးမှ မန်စီးတီးရဲ့ ကျော်တက်ခြင်းကိုခံခဲ့ရတဲ့ အသင်းတစ်သင်းပါ။ အဲ့ဒါကြောင့်လည်း လက်ရှိနွေရာသီမှာ အာဆင်နယ်တို့ ရိုက်စ်၊ ဟာဗက်ဇ်၊ တင်ဘာတို့နဲ့အတူ အသင်းကို အကောင်းဆုံး အင်အားဖြည့်တင်းပြီး ပြင်ဆင်နေပါတယ်။

TNT Sports ရဲ့ တွေ့ဆုံခန်းမှာ ဖာဒီနန်နဲ့ ရိုက်စ်တို့ တွေ့ဆုံခဲ့ကြပြီး ရိုက်စ်ကတော့ သူ့ရဲ့လက်ရှိအသင်းနဲ့ ပတ်သက်လို့ ဖာဒီနန်ရှေ့မှာ အမွှန်းတင်ပြောကြားခဲ့တာဖြစ်ပါတယ်။ ရိုက်စ်က “ဒီအသင်းကို စရောက်လာကတည်းက အသင်းရဲ့ နိုင်လိုစိတ်ကို ကျွန်တော် အံ့အားသင့်မိသွားပါတယ်။ နောက်ပြီး နည်းပြရဲ့ ကစားသမားတွေအပေါ် တောင်းဆိုမှုရောပေါ့”

“ဒါမျိုးက ကမ္ဘာ့အကောင်းဆုံးအသင်းတွေထဲက တစ်သင်းဖြစ်လာဖို့အတွက် မဝေးတော့တဲ့ အနေအထားမျိုးပါ။ ဒါကပဲ ကျွန်တော့်ကို စိတ်လှုပ်ရှားစေခဲ့ပါတယ်။ အဲ့ဒါကြောင့်လည်း ကျွန်တော် အာဆင်နယ်ကို ပြောင်းရွှေ့ခဲ့တာပါ။ အာတီတာရဲ့ လက်အောက်မှာ ကစားဖို့၊ အာဆင်နယ် ကစားသမားတွေနဲ့ တွဲကစားဖို့အတွက်ပေါ့”

“ဒီလိုမျိုး စိတ်လှုပ်ရှားစရာကောင်းတဲ့ စီမံကိန်းတစ်ခုမှာ ပါဝင်ခွင့်ရတာက ကောင်းပါတယ်။ အသင်းကို ရောက်ပြီး တစ်လအတွင်း ကျွန်တော် အများကြီး သင်ယူနိုင်ခဲ့ပြီး ဘောလုံးနဲ့ပတ်သက်လို့ အရင်ကမမြင်ဖူးတာတွေကိုပါ အများကြီး သင်ယူခဲ့ရတာပါ။ အာတီတာက ကစားသမားတစ်ယောက်ချင်းစီကို သုံးသပ်ပြီး ပြိုင်ဘက်တွေကအစပေါ့။ ဒါက တကယ်ကို အထင်ကြီးစရာပါ” လို့ ပြောကြားသွားခဲ့ပါတယ်။  


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က