လာလီဂါအဖွင့်ပွဲမှာ အနိုင်ရရှိခဲ့တာပါ။

ရီးရဲလ်မက်ဒရစ်ဟာ မနေ့ညက ကစားခဲ့တဲ့ ဘီလ်ဘာအိုနဲ့ လာလီဂါအဖွင့်ပွဲစဉ်မှာ နှစ်ဂိုးပြတ်နဲ့ အနိုင်ရရှိကာ အဖွင့်လှသွားခဲ့ပါတယ်။ ဒီပွဲမှာ ရီးရဲလ်မက်ဒရစ်က ကွင်းလယ်မှာ မိုဒရစ်နဲ့ တိုနီကရူးစ်တို့လည်း ပါဝင်ခဲ့ခြင်းမရှိပါဘူး။



ဒါပေမယ့် ကစားသမားသစ်ဖြစ်တဲ့ ဘယ်လင်ဟမ် ပထမဆုံး လာလီဂါပွဲဦးထွက်ကို ပါဝင်ကစားနိုင်ခဲ့ပြီး ရီးရဲလ်မက်ဒရစ် ကစားသမားဘဝ ပထမဆုံးသွင်းဂိုးကို သွင်းယူပေးနိုင်ခဲ့ပါတယ်။ ဘယ်လင်ဟမ်ဟာ ဂိုးသွင်းယူပြီးနောက် ပြိုင်ဘက် ဘီလ်ဘာအိုပရိသတ်တွေရဲ့ရှေ့မှာ သွားရောက် အောင်ပွဲခံခဲ့ပြီး ဒါကလည်း ရီးရဲလ်မက်ဒရစ် ပရိသတ်တွေအတွက် သဘောကျစရာဖြစ်ခဲ့ပါတယ်။

ရီးရဲလ်မက်ဒရစ်အတွက် အဖွင့်ဂိုးကိုတော့ လူငယ်တိုက်စစ်ကစားသမားလေး ရိုဒရီဂိုက သွင်းယူပေးခဲ့တာဖြစ်ပြီး ဘယ်လင်ဟမ်က (၃၆) မိနစ်မှာ နောက်တစ်ဂိုး သွင်းပေးခဲ့တာပါ။ ပထမပိုင်းမှာတင် နှစ်ဂိုးပြတ်နဲ့ အနိုင်ရရှိနေခဲ့တဲ့ ရီးရဲလ်မက်ဒရစ်ဟာ ဒုတိယပိုင်းမှာ ဂိုးမပေးရအောင် ထိန်းချုပ်ကစားသွားတာကြောင့် အခုလိုပဲ ရာသီအဖွင့်လှခဲ့တာဖြစ်ပါတယ်။

ပွဲအပြီးမှာလည်း ရိုဒရီဂိုက “ရီးရဲလ်မက်ဒရစ်ပရိသတ်တို့ရေ။ ငါတို့ရဲ့ ပထမဆုံးနိုင်ပွဲနဲ့ ပထမဆုံးသွင်းဂိုးအတွက် အရမ်းကို ပျော်ရွှင်ရပါတယ်။ Hala Madrid” လို့ ပြောကြားသွားခဲ့ပါတယ်။ ရီးရဲလ်မက်ဒရစ်ဟာ လက်ရှိနွေရာသီ အပြောင်းအရွှေ့မှာ အသင်းရဲ့ အဓိကဂိုးသွင်းရှင် ဘန်ဇီမာကို ဆော်ဒီအာရေဗျမြေထံ လက်လွှတ်ခဲ့ရပါတယ်။

အသင်းရဲ့တိုက်စစ်ပိုင်းအတွက်လည်း ဟိုဆေးလူတစ်ယောက်တည်းကိုသာ ခေါ်ယူအားဖြည့်ခဲ့ပြီး တိုက်စစ်အတွက် လုံလောက်တဲ့ ပြင်ဆင်မှုတွေ မရှိခဲ့ဘူးလို့ အချို့က သုံးသပ်ခဲ့ကြပါတယ်။ ဒါပေမယ့်လည်း ရီးရဲလ်မက်ဒရစ်ကတော့ လာလီဂါအဖွင့်ပွဲကို  တည်တည်ငြိမ်ငြိမ်နဲ့ ကျော်ဖြတ်ခဲ့ပြီး အဝေးကွင်းမှာ Clean Sheet နိုင်ပွဲတစ်ပွဲကို ရယူနိုင်ခဲ့ပါတယ်။ 

Share

Loading Next Article...
က္က