ဗာရန်းပါ ဒဏ်ရာရရှိသွားခဲ့တာပါ။

ယူနိုက်တက်ရဲ့ ဗဟိုနောက်ခံလူ ဗာရန်းဟာ နော်တင်ဟမ်ဖောရက်စ်နဲ့ပွဲမှာ ရရှိခဲ့တဲ့ ဒဏ်ရာကြောင့် (၆) ပတ်ခန့်ကြာတဲ့အထိ အနားယူရဖွယ်ရှိကြောင်း သိရှိရပါတယ်။ ဒါဟာ ဒဏ်ရာရကစားသမားများပြားနေတဲ့ ယူနိုက်တက်အတွက်တော့ စိတ်ပျက်စရာ သတင်းဆိုးတစ်ခုဖြစ်ခဲ့ပါတယ်။



ဗာရန်းဟာ ပြီးခဲ့တဲ့ရာသီတစ်လျှောက်လုံး အသင်းရဲ့ အဓိကနောက်ခံလူအဖြစ် မာတီနက်ဇ်နဲ့ တွဲဖက်ကစားခဲ့ပါတယ်။ ဒီရာသီ ပရီးမီးယားလိဂ်အဖွင့်ပွဲမှာလည်း ယူနိုက်တက်က ဝုလ်ဗ်ကို ဗာရန်းရဲ့ တစ်လုံးတည်းသော သွင်းဂိုးနဲ့ အနိုင်ရရှိခဲ့သေးတာပါ။

ဒါပေမယ့် နော်တင်ဟမ်ဖောရက်စ်ကို ၃-၂ ဂိုးနဲ့ အနိုင်ရရှိခဲ့တဲ့ပွဲရဲ့ ပထမပိုင်းမှာတော့ ဗာရန်းတစ်ယောက် ဒဏ်ရာပြဿနာကြောင့် လူစားလဲခံခဲ့ရပါတယ်။ ဒီပြင်သစ်နောက်ခံလူရဲ့ ဒဏ်ရာက ထင်သလောက် မဆိုးရွားဘူးလို့ မျှော်လင့်ခဲ့ပေမယ့် လက်ရှိအချိန်မှာတော့ ဗာရန်းတစ်ယောက် ယူနိုက်တက်ရဲ့ပွဲစဉ်တွေကို (၁) လကျော်ကြာအထိ လွဲချော်ရဖွယ်ရှိပါတယ်။

ယူနိုက်တက်တို့ လက်ရှိနွေရာသီ အပြောင်းအရွှေ့ကမှ ခေါ်ယူထားတဲ့ မေဆင်မောင့်ကလည်း တံကောက်ကြောဒဏ်ရာကြောင့်ပဲ အနည်းဆုံးတစ်လဝန်းကျင် အနားယူရမှာပါ။ ဒါ့အပြင် လုခ်ရှော၊ မာလာစီယာတို့လို ဘယ်နောက်ခံလူတွေကလည်း ဒဏ်ရာပြဿနာတွေနဲ့ ရုန်းကန်နေရပါတယ်။

အသစ်ခေါ်ယူထားတဲ့ တိုက်စစ်မှူး ဟို့ဂျ်လန်းကလည်း ဒဏ်ရာပါလာခဲ့တာကြောင့် အခုချိန်အထိ ယူနိုက်တက်အတွက် တစ်ပွဲမှ ပါဝင်ကစားနိုင်ခြင်းမရှိသေးပါဘူး။ ယူနိုက်တက်ဟာ လက်ရှိနွေရာသီ အပြောင်းအရွှေ့မှာ လုံလောက်တဲ့ အင်အားဖြည့်တင်းမှုတွေ မပြုလုပ်နိုင်သေးဘူးလို့ ဆိုရမှာဖြစ်ပြီး တန်ဟက်ခ်ကတော့ သူလိုချင်တဲ့ ကစားသမားတွေကို ခေါ်ယူနိုင်အောင် အသင်းမှာရှိတဲ့ ကစားသမားတွေကို ဒဏ်ရာရဟန်ဆောင်ခိုင်းထားသလားလို့ ပရိသတ်အချို့က နောက်ပြောင်နေကြပါတယ်။ 

Share

Loading Next Article...
က္က