ယူနိုက်တက်နည်းပြ အဲရစ်တန်ဟက်ခ်ဟာ ဖီအိုရင်တီးနား ကွင်းလယ်လူ ဆိုဖ်ယန်အမ်မရာဘတ်ကို ခေါ်ယူနိုင်ခဲ့တဲ့ သတင်းတွေအပေါ် ပေါ့ပေါ့ပါးပါးပဲ ဖြေကြားသွားခဲ့ပါတယ်။ အဆိုပါ မော်ရိုကို လက်ရွေးစင် ကွင်းလယ်လူဟာ လက်ရှိနွေရာသီမှာ ယူနိုက်တက်ကို ပြောင်းရွှေ့ဖို့သာ ဆန္ဒရှိခဲ့တာပါ။
ဒါပေမယ့်လည်း ယူနိုက်တက်က ဒီကစားသမားအတွက် စောစောစီးစီး ကမ်းလှမ်းနိုင်ခဲ့ခြင်းမရှိပါဘူး။ အမ်မရာဘတ်ဟာ စီးရီးအေရာသီ စတင်ချိန်အထိ ဖီအိုရင်တီးနားနဲ့ ပူးပေါင်းခြင်းမရှိဘဲ တစ်ဦးတည်း သီးသန့်လေ့ကျင့်ခန်းအစီအစဉ်တွေကိုသာ ပြုလုပ်နေခဲ့ပါတယ်။
နောက်ဆုံးအချိန်မှာတော့ ယူနိုက်တက်တို့ အမ်မရာဘတ်ကို ကနဦးအငှားစာချုပ်၊ အပြီးသတ်ခေါ်ယူခွင့်တို့နဲ့ သဘောတူညီမှုရရှိခဲ့ပါတယ်။ အမ်မရာဘတ်ဟာ ယူနိုက်တက်မှာ တစ်ရာသီအငှားနဲ့ ကစားမှာဖြစ်ပြီး အဲ့ဒီနောက် အပြီးသတ်ပြောင်းရွှေ့သွားမှာပါ။
ယူနိုက်တက်ဟာ အဆိုပါကွင်းလယ်လူအတွက် အငှားခေါ်ယူခ ယူရို (၁၀) သန်း၊ အပြီးသတ်ခေါ်ယူချိန်မှာ ယူရို (၂၅) သန်း ပေးချေရမှာဖြစ်ပါတယ်။ အမ်မရာဘတ်နဲ့ သတင်းတွေအတွက် တန်ဟက်ခ်ကို မေးမြန်းခဲ့ရာမှာ တန်ဟက်ခ်ကတော့ သတင်းထောက်တွေကို ပေါ့ပေါ့ပါးပါးနဲ့ပဲ ဖြေဆိုသွားခဲ့တာပါ။
တန်ဟက်ခ်က “ခင်ဗျားတို့က ဒီသတင်းကို သိနေခဲ့တာလား? ကောလာဟလတွေလည်း အများကြီးပဲလေ” လို့ ဖြေကြားသွားခဲ့ပါတယ်။ အသင်းရဲ့ လက်ရှိလူစာရင်းနဲ့ ပတ်သက်လို့လည်း တန်ဟက်ခ်က “ကျွန်တော်တို့ လုပ်စရာရှိတာ လုပ်ပြီးပါပြီ။ တောင့်တင်းတဲ့ လူစာရင်းကို တည်ဆောက်ထားပြီး တိုက်ပွဲဝင်ဖို့ အဆင်သင့်ဖြစ်နေပါပြီ” လို့ ပြောကြားသွားခဲ့ပါတယ်။ ယူနိုက်တက်ဟာ အပြောင်းအရွှေ့ နောက်ဆုံးရက်မှာ ဘာယင်ဒါ၊ အီဗန်စ်၊ ရီဂီလွန်နဲ့ အမ်မရာဘတ်တို့ လေးယောက်ကို ခေါ်ယူစာချုပ်ချုပ်နိုင်ခဲ့ပါတယ်။