ယူနိုက်တက်နည်းပြ တန်ဟက်ခ်က ဘရိုက်တန်ကို ရှုံးနိမ့်ခဲ့တဲ့ပွဲအပြီးမှာ အသင်းတွေရဲ့ ငွေကြေးသုံးစွဲမှုနဲ့ ပတ်သက်ပြီး ဖွင့်ဟပြောကြားရင်း ဆင်ခြေပေးသွားခဲ့ပါတယ်။ အိုးထရက်ဖို့ဒ်မှာ ကစားခဲ့တဲ့ပွဲမှာ ယူနိုက်တက်တို့ ဘရိုက်တန်ကို ၁-၃ ဂိုးနဲ့ အရေးနိမ့်ခဲ့တာပါ။
ဘရိုက်တန်အတွက်ဂိုးတွေကို ဝဲလ်ဘတ်၊ ပါစကယ်ဂရော့စ်၊ ယာအိုပတ်ဒရိုတို့က သွင်းယူပေးခဲ့ပြီး ယူနိုက်တက်အတွက် ချေပဂိုးတစ်ဂိုးကိုတော့ ဟန်နီဘယ်လ်က သွင်းယူပေးသွားခဲ့ပါတယ်။ ယူနိုက်တက်အတွက်တော့ ဒီပွဲရလဒ်က ဒီရာသီ ပရီးမီးယားလိဂ်မှာ နှစ်ပွဲဆက်အရှုံးလည်း ဖြစ်ခဲ့ပါတယ်။
ဒါ့အပြင် ပရီးမီးယားလိဂ်ပွဲစဉ် (၅) ပွဲ ကစားပြီးချိန်မှာ ယူနိုက်တက်အတွက် (၃) ပွဲမြောက်ရှုံးပွဲဖြစ်ခဲ့ပါတယ်။ ပွဲအပြီးမှာတော့ ယူနိုက်တက်နည်းပြ တန်ဟက်ခ်က အသင်းတွေရဲ့ ငွေကြေးသုံးစွဲမှုပုံစံနဲ့ပတ်သက်လို့ ဖွင့်ဟပြောကြားသွားခဲ့ပါတယ်။
တန်ဟက်ခ်က “အသင်းတိုင်းက ပိုက်ဆံတွေ အများကြီး အသုံးပြုနေတာပါ။ ဘရိုက်တန်ကလည်း ငွေကြေး သုံးစွဲခဲ့တာပါပဲ။ ဒါပေမယ့် ယူနိုက်တက်က ဝင်လာချိန်မှာဆိုရင်တော့ ဒီအသင်းတွေ ခေါ်တဲ့ဈေးတွေက မြောက်တက်သွားပါတယ်။ ဒါက အမှန်တရားပါ” လို့ ပွဲအပြီး သတင်းစာရှင်းလင်းပွဲမှာ ပြောကြားသွားခဲ့ပါတယ်။
မနေ့ညက ပွဲထွက်ခဲ့တဲ့ ဘရိုက်တန်ရဲ့ ကစားသမား (၁၁) ယောက်စာရင်းရဲ့ တန်ဖိုးက စုစုပေါင်း တန်ကြေး ပေါင် (၁၆.၆) သန်းအောက်သာရှိပြီး ယူနိုက်တက် နောက်ခံအစွန်လူ ဒါလော့တစ်ယောက်တည်းရဲ့ တန်ကြေးကတင် ပေါင် (၁၉) သန်းရှိခဲ့ပါတယ်။ ဒါ့အပြင် အချက်အလက်တွေအရ ယူနိုက်တက်ဟာ သူတို့ရဲ့ လက်ရှိကစားသမားစာရင်းကို တည်ဆောက်ဖို့အတွက် ကမ္ဘာပေါ်က ဘယ်အသင်းထက်မဆို ငွေကြေးပိုမိုသုံးစွဲထားကြောင်း သိရှိရပါတယ်။