ယူနိုက်တက်ပရိသတ်တွေဟာ မနေ့ညက ဘရိုက်တန်ကို ၁-၃ ဂိုးနဲ့ အရေးနိမ့်ခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲမှာ ပွဲချိန်အတွင်း နည်းပြ အဲရစ်တန်ဟက်ခ်ကို အော်ဟစ်လှောင်ပြောင်ခဲ့ကြကြောင်း သိရှိရပါတယ်။ အဆိုပါပွဲက ယူနိုက်တက်အတွက် ပရီးမီးယားလိဂ်မှာ နှစ်ပွဲဆက် အရှုံးလည်းဖြစ်ခဲ့ပါတယ်။
ယူနိုက်တက်ဟာ ဒီပွဲမှာ ဘရိုက်တန်ကို ကစားကွက်ချင်း၊ စိတ်ဓာတ်ချင်းအရ ဘယ်လိုမှမယှဉ်နိုင်ခဲ့ဘဲ အိမ်ကွင်းမှာတင် ၁-၃ ဂိုးနဲ့ ဂိုးပြတ်အရေးနိမ့်ခဲ့ပါတယ်။ တစ်ဂိုးဂိုးမရှိနဲ့ ရှုံးနိမ့်နေတဲ့ ပထမပိုင်းမှာ တိုက်စစ်မှူးသစ် ဟို့ဂျ်လန်းက ယူနိုက်တက်အတွက် ချေပဂိုးတစ်ဂိုးသွင်းယူပေးခဲ့ပါသေးတယ်။
ဒါပေမယ့် ဒီဂိုးမသွင်းယူခင်မှာ ဘောလုံးက ဂိုးစည်းကျော်နေခဲ့တာကြောင့် ဟို့ဂျ်လန်းရဲ့ဂိုးက VAR နဲ့ ပယ်ဖျက်ခံခဲ့ရပါတယ်။ ဟို့ဂျ်လန်းအတွက်တော့ ယူနိုက်တက် ကစားသမားဘဝ ပထမဆုံးပွဲဦးထွက်မှာ အခုလိုမျိုး ဂိုးရမယ့်အခွင့်အရေးကို လက်လွှတ်ခဲ့ရတာက နစ်နာမှုတစ်ခုလည်း ဖြစ်ခဲ့ပါတယ်။
အဲ့ဒီနောက် ဒုတိယပိုင်းမှာတော့ တန်ဟက်ခ်က ဟို့ဂျ်လန်းက အသင်းရဲ့ နောက်ထပ်တိုက်စစ်မှူး မာစီရယ်လ်နဲ့ လူစားလဲကစားစေခဲ့ပါတယ်။ အဲ့ဒီအချိန်မှာတော့ အိုးထရက်ဖို့ဒ်ကွင်းအတွင်းက ပရိသတ်တွေက ဒေါသပေါက်ကွဲခဲ့ပြီး တန်ဟက်ခ်ရဲ့ လုပ်ရပ်နဲ့ ဆုံးဖြတ်ချက်ကို အော်ဟစ်လှောင်ပြောင်ခဲ့ကြပါတယ်။
ပိုမိုဆိုးရွားတဲ့အချက်ကတော့ ဟို့ဂျ်လန်းကို ထုတ်ပြီးတော့မှ ယူနိုက်တက်တို့ ဂိုးတွေ ဆက်တိုက် ထပ်ပေးလိုက်ရတာဖြစ်ပြီး တန်ဟက်ခ်အတွက်တော့ ပိုမိုအပြစ်ကြီးသွားခဲ့တာလည်း ဖြစ်ပါတယ်။ ဒီပွဲမှာ ယူနိုက်တက်အတွက် တစ်လုံးတည်းသော ချေပဂိုးကို ဟန်နီဘယ်လ်က သွင်းယူပေးခဲ့ပေမယ့် အသင်းကတော့ အရှုံးရလဒ်ကနေ ပြန်လာနိုင်ခဲ့ခြင်းမရှိပါဘူး။