ယူနိုက်တက်နည်းပြ တန်ဟက်ခ်က ဘန်လေနဲ့ အိမ်ကွင်းမှာ ကစားမယ့် ပရီးမီးယားလိဂ်ပွဲမှာ ကစားသမားတွေအားလုံး အတူတကွ တိုက်ပွဲဝင်ဖို့ ပွဲကြို သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။ ယူနိုက်တက်ဟာ ဒီရာသီ ပြိုင်ပွဲစုံ (၆) ပွဲမှာ နိုင်ပွဲ (၂) ပွဲသာ ရရှိထားတဲ့ အသင်းတစ်သင်းပါ။
အာဆင်နယ်၊ ဘိုင်ယန်မြူးနစ်တို့ကို ဆက်တိုက်ရှုံးနိမ့်ခဲ့တဲ့နောက် ယူနိုက်တက်တို့ ဘန်လေနဲ့ပွဲမှာ မဖြစ်မနေ ရလဒ်ကောင်း ပြန်လည်ရယူနိုင်ဖို့ အရေးကြီးနေပြီဖြစ်ပါတယ်။ ဒါ့အပြင် လက်ရှိအဝတ်လဲခန်းအတွင်းမှာလည်း ယူနိုက်တက်ကစားသမားအချို့က တန်ဟက်ခ်ကို မကျေမနပ်ဖြစ်နေကြောင်း သတင်းထွက်နေပါတယ်။
တန်ဟက်ခ်ဟာ ပွဲပြီးသွားတိုင်း ကစားသမားတွေအပေါ် လူသိရှင်ကြား ပြစ်တင်ဝေဖန်ခြင်း၊ တပည့်ဟောင်းတွေကို အကာအကွယ်ပေးပြီး ဦးစားပေးနေခြင်းတို့ကြောင့် ယူနိုက်တက် ကစားသမားတွေက မကျေမနပ်ဖြစ်နေတာပါ။ ဒါပေမယ့်လည်း ဒီသတင်းတွေကို တန်ဟက်ခ်က ဂရုစိုက်ဟန်မရှိပါဘူး။
ဘန်လေနဲ့ပွဲမတိုင်ခင် သတင်းစာရှင်းလင်းပွဲမှာ တန်ဟက်ခ်က “စိန်ခေါ်မှုတွေအတွက် အံ့အားသင့်နေစရာမရှိပါဘူး။ အခုက ကျွန်တော့်ရဲ့ ဒုတိယမြောက်နှစ်တစ်နှစ်ပါ။ အရှုံးပေးစရာမရှိပါဘူး။ အားလုံးအတူတကွ ရှိနေရင် ပိုမိုသန်မာလာမှာပါ။ အခု လုပ်နေတာကလည်း ဒီအတွက်ပါပဲ”
“အဝတ်လဲခန်းလား? ဝန်ထမ်းတွေ၊ နည်းပြအဖွဲ့ဝင်တွေ၊ ဆေးအဖွဲ့ဝင်တွေနဲ့ ယူနိုက်တက်အသင်းသားတိုင်းက တစ်စုတစ်စည်းတည်းရှိနေပြီး ယူနိုက်တက်မှာတော့ တိုက်ပွဲဝင်နေရမှာပါပဲ။ အခုလိုမျိုး အဝတ်လဲခန်းသတင်းတွေ ဘယ်လိုထွက်လာလဲ ကျွန်တော် မသိပါဘူး။ ဒါပေမယ့် ကျွန်တော့်အမြင်ကိုပြောရရင် ကျွန်တော်က ကစားသမားတိုင်းကို သိပါတယ်။ လူတိုင်း အကြံပေးနိုင်ပြီး ဒါကလည်း အဆင်ပြေတဲ့ကိစ္စပါ” လို့ ပြောကြားသွားခဲ့ပါတယ်။