ယူနိုက်တက်နည်းပြ တန်ဟက်ခ်ဟာ အသင်းရဲ့ အဓိက,ကစားသမားတွေ လေ့ကျင့်ရေးကွင်းမှာ ဒဏ်ရာမရရှိစေဖို့အတွက် တင်းကျပ်တဲ့စည်းမျဉ်းတစ်ခုကို လေ့ကျင့်ရေးကွင်းမှာ ထုတ်ပြန်ထားပါတယ်။ ဒါကတော့ အသင်းကြီးက ကစားသမားတွေကို အန္တရာယ်ရှိတဲ့ ဖျက်ထုတ်မှုမျိုး မပြုလုပ်ဖို့ပါ။
လက်ရှိအချိန်မှာ ယူနိုက်တက်က ဒဏ်ရာပြဿနာတွေနဲ့ ဆက်တိုက် ရုန်းကန်နေရပြီး အသင်းကလည်း တည်ငြိမ်တဲ့ပုံစံကောင်းတစ်ရပ်ပြသနိုင်ဖို့ ခက်ခဲနေပါတယ်။ လီဆန်ဒရိုမာတီနက်ဇ် အပါအဝင် အဓိက,ကစားသမားအချို့ဟာ ကြံ့ခိုင်မှုပြည့်ဝဖို့ ရုန်းကန်နေကြရတာပါ။
တန်ဟက်ခ်ဟာ အခုလိုမျိုး အနေအထားမျိုးတွေ မဖြစ်လာအောင် ပြီးခဲ့တဲ့ရာသီကတည်းက တင်းကျပ်တဲ့ လေ့ကျင့်ရေးကွင်းစည်းမျဉ်းတွေ ထုတ်ပြန်ပြီး ကြပ်မတ်နေပါတယ်။ ဒါကတော့ အခြားသော ကစားသမားတွေအနေနဲ့ အသင်းကြီးက ကြယ်ပွင့်တွေကို လေ့ကျင့်ခန်းအစီအစဉ်တွေမှာ ခပ်ကြမ်းကြမ်း မဖျက်ထုတ်ဖို့ပဲဖြစ်ပါတယ်။
ဒီအကြောင်းကိုတော့ လူငယ်ကြယ်ပွင့်လေး ဒန်ဂိုရီက ပြီးခဲ့တဲ့နိုဝင်ဘာလအတွင်းမှာ သက်သေပြခဲ့ဖူးပါတယ်။ လက်ရှိမှာလည်း ဒန်ဂိုရီက အသင်းကြီးလူစာရင်းမှာ ပါဝင်ခွင့်ရနေပြီး ဒီကြားရက်မှာ ကစားမယ့် ကာရာဘောင်ဖလားပွဲစဉ်မှာ ပါဝင်ကစားခွင့်ရရှိနိုင်ပါတယ်။
အသက် (၁၈) နှစ်အရွယ် ဒီကစားသမားလေးဟာ လေ့ကျင့်ရေးကွင်းမှာ အသင်းကြီးက တိုက်စစ်မှူး မာရှယ်ကို ကြမ်းကြမ်းတမ်းတမ်း ကစားခဲ့ဖူးတာကြောင့် ပြဿနာတက်ခဲ့ပြီး မာရှယ်ကလည်း ဒန်ဂိုရီကို ဒေါသပေါက်ကွဲခဲ့ဖူးပါတယ်။ အဲ့ဒီနောက်ပိုင်းမှာတော့ မာရှယ်က သူ့ရဲ့အပြုအမူအတွက် ဒန်ဂိုရီကို ပြန်လည် တောင်းပန်ခဲ့ပါတယ်။
အခုချိန်မှာလည်း တန်ဟက်ခ်က ယူနိုက်တက် ကစားသမားတွေကို သတိထားကိုင်တွယ်နေရပြီး အသင်းမှာ ဒဏ်ရာရ ကစားသမားကလည်း (၁၁) ယောက်အထိ ရှိနေခဲ့ပါတယ်။ ဒီအထဲကမှ (၉) ယောက်က ကြံ့ခိုင်မှုမပြည့်ဝတဲ့ ပြဿနာတွေနဲ့ ရင်ဆိုင်နေရပြီး တန်ဟက်ခ်အတွက် ခေါင်းကိုက်စရာ အခြေအနေတစ်ခုလည်း ဖြစ်ပါတယ်။