ယူနိုက်တက် ဂန္တဝင်နောက်ခံလူဟောင်းကြီး ဂယ်ရီနဗီးလ်က ရော်နယ်ဒိုရဲ့ ယူနိုက်တက် ကစားသမားဘဝ ဒုတိယအကြိမ် အသင်းမှာကျရှုံးခဲ့တဲ့အပေါ် ဝေဖန်ပြောကြားလိုက်ပါတယ်။ ရော်နယ်ဒိုဟာ ယူနိုက်တက် ကစားသမားဘဝ ပထမအကြိမ်မှာ လျှမ်းလျှမ်းတောက် အောင်မြင်ခဲ့တဲ့ ကစားသမားပါ။
ဒါပေမယ့် ယူနိုက်တက် ကစားသမားဘဝ ဒုတိယအကြိမ်အဖြစ် ဂျူဗင်တပ်စ်ကနေ ပြန်လည်ပြောင်းရွှေ့လာချိန်မှာတော့ ရော်နယ်ဒိုတစ်ယောက် အခက်ကြုံခဲ့ရပါတယ်။ အသင်းဖော်တွေရဲ့ စံချိန်စံနှုန်းမပြည့်မီတာ၊ နည်းပြတွေရဲ့ မျက်နှာသာပေးခြင်းကို မခံရတာ အစရှိတဲ့ ကိစ္စရပ်တွေနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။
နောက်ဆုံးအသင်းကို လူသိရှင်ကြား ပြစ်တင်ဝေဖန်ထားတဲ့ အင်တာဗျူး ထွက်ပေါ်လာတဲ့နောက် ယူနိုက်တက်နဲ့ ရော်နယ်ဒိုတို့ လမ်းခွဲလိုက်ရပါတယ်။ ဂယ်ရီနဗီးလ်ကတော့ “သွင်းဂိုးတွေအရတော့ ရော်နယ်ဒို အကောင်းဆုံးလုပ်ခဲ့တယ်လို့ ထင်ပါတယ်။ ဒါပေမယ့် သူကိုယ်တိုင်တောင် လက်မခံနိုင်တဲ့ ပုံစံတွေ၊ ကိုယ်ရည်ကိုယ်သွေးတွေကို မြင်တွေ့ခဲ့ရပါတယ်”
“ကျွန်တော် သူ့ကို ဝေဖန်ခဲ့တာ အမှန်ပါပဲ။ ဘာကြောင့်လဲဆိုတော့ ကျွန်တော့်အမြင်မှာ သူက အဝတ်လဲခန်းအတွင်းမှာ၊ ကမ္ဘာ့ဘောလုံးလောကမှာ ခေါင်းဆောင်တစ်ယောက်ဖြစ်နေလို့ပါ။ သင်ယူမှုနဲ့ ပတ်သက်လို့ မတူညီတဲ့ နည်းလမ်းတွေ၊ မတူညီတဲ့ လမ်းညွှန်ပြမှုတွေ လိုအပ်ပါတယ်။ နောက်ပြီး ကိုယ့်အဆင့်မှာ မဟုတ်တဲ့ လူငယ်ကစားသမားတွေကိုလည်း မတူညီတဲ့ နည်းလမ်းတွေနဲ့ ဆွဲခေါ်နိုင်ဖို့ လိုအပ်ပါတယ်”
“ရော်နယ်ဒိုအနေနဲ့ ကစားသမားတွေနဲ့ ပတ်သက်ပြီး သူ့ရဲ့ ဦးဆောင်နိုင်စွမ်း၊ ဦးဆောင်ပုံကို အပြောင်းအလဲလုပ်ခဲ့သင့်တယ်လို့ ကျွန်တော်ထင်ပါတယ်။ အဝတ်လဲခန်းထဲမှာဆိုရင် ဒီကစားသမားတွေက လမ်းပြပေးဖို့၊ လေ့ကျင့်ခန်းဆင်းဖို့၊ ကစားသမားဘဝ နောက်တစ်ဆင့်တက်ဖို့ လိုအပ်တဲ့ လမ်းညွှန်မှုတွေ လိုအပ်နေတာပါ” လို့ ပြောကြားသွားခဲ့ပါတယ်။