နယူးကာဆယ်ကစားသမား လောင်းစတပ်ဖ်က ပီအက်စ်ဂျီကို ၄-၁ ဂိုးနဲ့ ဂိုးပြတ်အနိုင်ရရှိခဲ့တဲ့ ချန်ပီယံလိဂ်ပွဲစဉ်အပြီးမှာ အမ်ဘာပေရဲ့ ဂျာစီကို တောင်းယူခဲ့ပေမယ့် ဆန္ဒမပြည့်ခဲ့ကြောင်း သိရှိရပါတယ်။ အကြောင်းရင်းကတော့ အမ်ဘာပေက သူ့ရဲ့ ဂျာစီကို အခြားသော နယူးကာဆယ် ကစားသမားဖြစ်တဲ့ ထရစ်ပီယာကို ပေးခဲ့တာကြောင့်ပါ။
မနေ့ညက ကစားခဲ့တဲ့ အဆိုပါပွဲမှာ နယူးကဆာယ်က ပီအက်စ်ဂျီကို ရက်ရက်စက်စက် ချေမှုန်းခဲ့ပြီး ပီအက်စ်ဂျီနဲ့ အမ်ဘာပေအတွက် စိတ်ပျက်စရာဖြစ်ခဲ့ပါတယ်။ ဒါ့အပြင် ဒီပွဲမတိုင်ခင်မှာကတည်းက ပီအက်စ်ဂျီကြယ်ပွင့် အမ်ဘာပေဆီက နယူးကာဆယ်ကစားသမားတွေ ဂျာစီ တောင်း၊ မတောင်းကလည်း ဆွေးနွေးစရာ ကိစ္စတစ်ခုအဖြစ် ရှိခဲ့ပါတယ်။
ပွဲအပြီးမှာ လောင်းစတပ်ဖ်က “အမ်ဘာပေရဲ့ ဂိုးပေါက်ကန်ချက်ကို ကျွန်တော် ကာကွယ်နိုင်ခဲ့လို့ထင်ပါတယ်။ကျွန်တော့်ညီလေးအတွက် သူ့ရဲ့ဂျာစီကို ရရှိဖို့ ကျွန်တော် ကြိုးစားသွားဦးမှာပါ။ ရမယ်လို့လည်း မျှော်လင့်ပါတယ်” လို့ ပြောကြားခဲ့ပါတယ်။ ပွဲအပြီးမှာ တကယ် ဂျာစီရရှိသွားတာက ထရစ်ပီယာပဲဖြစ်ခဲ့ပါတယ်။
ထရစ်ပီယာရဲ့ သားလေးဟာ အမ်ဘာပေရဲ့ ပရိသတ်တစ်ယောက်ဖြစ်ပြီး နယူးကာဆယ်နဲ့ ပီအက်စ်ဂျီတို့ရဲ့ပွဲမှာ အမ်ဘာပေနဲ့အတူ ကွင်းအတွင်း ဝင်ရောက်လိုတယ်လို့ ပြောကြားခဲ့ကြောင်း ထရစ်ပီယာက ဖွင့်ဟထားပါတယ်။ ပွဲအပြီးမှာတော့ ဒီကလေးငယ်လေးက အမ်ဘာပေရဲ့ ဂျာစီကို သူ့ရဲ့ဖခင်ဖြစ်သူကတစ်ဆင့် ရရှိသွားခဲ့တာပါ။
ပွဲရဲ့ ရုပ်သံဝေဖန်သုံးသပ်သူအဖြစ် ဆောင်ရွက်နေတဲ့ ဖာဒီနန်ကလည်း အဆိုပါ ကလေးငယ်ကို “မင်း အမ်ဘာပေဆီကနေ လမ်းလျှောက်လာတာ မဟုတ်လား။ ဒါက အမ်ဘာပေရဲ့ဂျာစီလား” လို့ မေးမြန်းခဲ့ပြီး ဂျာစီကို အနီးကပ်ကြည့်ရှုကာ အကဲဖြတ်ခဲ့သေးကြောင်း သိရှိရပါတယ်။