လတ်တလော လည်ပတ်မှုအများဆုံး မန္တလေးက လှပတဲ့ နေရာလေးတွေကိုဖော်ပြပေးချင်ပါတယ်။

မန္တလေးမြို့ကို အလည်အပတ်သွားချင်ကြတဲ့ ခရီးသွားချစ်သူ စာဖတ်ပရိသတ်တွေအတွက် ဒီတစ်ပတ်တော့ မန္တလေးမြို့ရဲ့ အစည်ကားဆုံး၊ အလှပဆုံး အထင်ကရနေရာလေးတွေနဲ့ မိတ်ဆက်ပေးပါရစေ။  



မန္တလေးတောင်



ဒီလိုမျိုး မိုးအကုန်‌ ဆောင်းအကူး ကာလမှာ မန္တလေးတောင်ရဲ့အလှဟာဆိုရင် မြင်နေရတာကိုက အတော်လေးကျေနပ်စရာကောင်း‌လှပါတယ်။ မန္တလေး မြို့ရဲ့မြောက်ဘက်မှာတည်ရှိပြီး ပင်လယ်ရေမျက်နှာပြင် (၂၃၀)မီတာအမြင့်ရှိကာ စုလစ်မွန်းချွန်တွေ ၊စေတီတွေနဲ့ ဖုံးလွှမ်းနေတာပါ ။တောင်ရဲ့ အတက်ခရီး လမ်းတလျှောက်မှာတော့ သဘာဝရှုခင်းတွေနဲ့ တောပန်းရိုင်းလေတွေရဲ့အလှအပကို ခံစားရင်းတောင်ပေါ်သို့ တက်လာခဲ့သမျှမောပန်းမှုတို့ကို မေ့လျော့သွားစေနိုင်ပါတယ်။ နေထွက်ချိန်နဲ့ နေဝင်ချိန်မှာတွေ့ရတဲ့ မြို့ရဲ့ ဒဏ္ဍာရီဆန်ဆန် ခမ်းနားလှတဲ့ပန်းချီကားတစ်ချပ်သယောင် လှပလွန်းတဲ့ မြင်ကွင်းက မန္တလေးတောင်ပေါ်တက်ရခြင်းကို ထိုက်တန်တယ်လို့ ခံစားရစေမှာပါ။ တောင်ပေါ်ကနေပြီး မြို့ရဲ့အလှရှုခင်းတွေကို ကြည့်ရှုနိုင်ဖို့ တောင်တန်းတွေကတစ်ဆင့် ၊ မော်တော်ကားလမ်းတွေကတဆင့် ဓာတ်လှေကားနဲ့လည်း တောင်ပေါ်ကို တက်ရောက်နိုင်ပါတယ်။ ဒါကြောင့် ရွှေမန္တလေးမြို့ကို ရောက်ရင်တော့ မန္တလေးတောင်ပေါ် သွားလည်ပတ်ဖို့မမေ့သင့်ပါဘူး။


မင်းကွန်းပုထိုးတော်ကြီး



မင်းကွန်းပုထိုးတော်ကြီးကတော့ တစ်ခေါက်ရောက်ဖူးရင် အကြိမ်ကြိမ်လာချင်မိစေမယ့်နေရာပါ။ ဧရာဝတီမြစ်ရဲ့တစ်ဖက်ကမ်းမှာတည်ရှိတာဖြစ်ပြီး မြို့ထဲကဆို ၁နာရီခွဲစာလောက် ကားမောင်းပြီး သွားနိုင်ပါတယ်။ ရှေးမြန်မာတို့ရဲ့ လေး‌ထောင့်ဆန်ဆန်အနုသုခုမဖန်တီးမှုတွေတည်ရှိရာ မင်းကွန်းပုထိုးတော်ကြီးကို ရောက်ပြီဆိုတာနဲ့ အတွင်းထဲကို ဝင်ရောက်လေ့လာရင်း သမိုင်းတစ်ခေတ်ကိုပြန်ရောက်သွားသလို ခံစားရစေမှာပါ။ သမိုင်းဝင်ယဉ်ကျေးမှုဒေသဖြစ်တာကြောင့် သွားရောက်လည်ပတ်မယ်ဆိုရင် လုံခြုံစွာ ဝတ်စားဆင်ယင်ဖို့ကိုလည်း အထူးသတိချပ်သင့်ပါတယ်နော်။ ဝင်ပေါက်ကိုရောက်ရင်‌တော့ အစားအသောက် ဒါမှမဟုတ် အမှတ်တရပစ္စည်းရောင်းချတဲ့ ဒေသခံဈေးသည်တွေနဲ့ ကျဉ်းမြောင်းတဲ့လမ်းကို ဖြတ်သန်းရမှာပါ။ ဒီနေရာမှာ လမ်းမကြီးတစ်လျှောက်မုန့်ဆိုင်တွေက အခြားဆိုင်တွေထက် အနည်းငယ်ဈေးမြင့်လေ့ရှိတာကိုလည်း သိထားသင့်ပါတယ်။

ကုသိုလ်တော်ဘုရား



"ကမ္ဘာ့အကြီးဆုံးစာအုပ်" အဖြစ် စံချိန်တင်ထားတဲ့ ကုသိုလ်တော်ဘုရားကတော့ မန္တလေးဝောာင်ခြေမှာတည်ရှိပါတယ်။ မြန်မာခရီးသွား‌တွေတင်မက ကမ္ဘာတလွှားက ခရီးသွားတွေကပါ ဒီနေရာကိုအတော်လေးစိတ်ဝင်စားကြပါတယ်။ ဘာကြောင့်လဲဆိုရင်တော့ ဗုဒ္ဓဟောကြားထားတဲ့တရားတော်တွေကို အဲ့ဒီဘုရားမှာ ကျောက်စာတွေအနေနဲ့ အစအဆုံးမှတ်ကျောက်တင်ထားလို့ပဲဖြစ်ပါတယ်။ ကျောက်စာ အချပ်ရေပေါင်း ၇၃၀ အထိ‌တောင်ရှိတယ်လို့လည်း သိရပါတယ်။ ကုသိုလ်တော်ဘုရားဟာ ဒီလိုမျိုးထူးခြားချက်တွေရှိတဲ့အပြင်ကို စေတီကိုတည်ဆောက်ထားပုံကလည်း အလွန်ကို စည်းစနစ်ကျပြီး သပ္ပါယ်လှတာကိုတွေ့နိုင်မှာပါ။ ကုသိုလ်တော် ဘုရားအတွင်းက ကျောက်စာတွေကြားမှာ ဖြတ်သန်းရင်း အမိုက်စားဓာတ်ပုံတွေရိုက်ကူးနိုင်ပါတယ်။


ဦးပိန်တံတား


မီတာ ၁၂၀၀ ရှည်လျားတဲ့ တောင်သမန်အင်းရဲ့အပေါ်က ဦးပိန်တံတားဟာဆိုရင်လည်း မန္တလေးမြို့အထင်ကရလည်ပတ်စရာနေရာတစ်ခုပါ။ ကမ္ဘာပေါ်မှာအရှည်လျားဆုံး သစ်သားတံတားအဖြစ်လည်း သတ်မှတ်ခံထားရပါသေးတယ်။ မြို့ထဲကနေ မိနစ်၂၀ စာလောက် ကားလေးမောင်းသွားမယ်ဆို ဦးပိန်တံတားကိုရောက်နိုင်ပြီး ဦးပိန်ကနေမြင်ရမယ့် နေဝင်ဆည်းဆာ အလှကိုခံစားနိုင်ပါတယ်။ 

မန္တလေးဈေးချို



ကြီးမားကျယ်ပြန့်ပြီး လူထူထပ်မယ်၊ အပ်တို တစ်ချောင်းကစလို့ ဝယ်စရာပစ္စည်း‌တွေစုံလင်မယ်၊ ဒေသခံတွေရဲ့ လှုပ်ရှားရုန်းကန်မှုတွေကို လက်တွေ့ကျကျခံစားနိုင်မယ်၊ ဒါတွေအားလုံးကတော့ မန္တလေးဈေးချိုမှာသာတွေ့နိုင်တဲ့ မြင်ကွင်းပုံရိပ်တွေပါ။ မန္တလေးဈေးချိုဟာ မနက် (၆) နာရီလောက်ဆို စတင်အသက်ဝင်ပြီး ညနေ (၅) နာရီလောက်အထိ လှုပ်ရှားနေဆဲပါ။ ဈေးချိုကို မနက်ခင်း စောစောလေး လည်ပတ်မယ်ဆိုရင်တော့ လတ်ဆတ်လှတဲ့ အသီးအရွက်၊ အသားငါးတို့ကိုရနိုင်သလို အပြုံးတွေကိုယ်စီနဲ့ဒေသခံတွေရဲ့ ဖော်ရွေမှုကို‌လည်းအတိုင်းသားမြင်နိုင်မှာပါ။ 


အခုပြောပြသွားတဲ့ နေရာတွေကတော့ မန္တလေးမြို့ရဲ့ အလှပဆုံးနဲ့ အစည်ကားဆုံးနေရာလေးတွေကို ဖော်ပြပေးလိုက်တာပဲဖြစ်ပါတယ်။ 

ယခု ခရီးသွားဆောင်းပါးကို Duwun နှင့် Flymya မှ ပူးပေါင်းတင်ဆက်ပါသည်။ 



ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က