ဂရိအိမ်ကွင်းကိုလည်း ဗန်ဒိုက်ချ်က ဝေဖန်ခဲ့တာပါ။

ဂရိကို ၀-၁ ဂိုးနဲ့ အနိုင်ရရှိခဲ့တဲ့ ယူရို - ၂၀၂၄ ခြေစစ်ပွဲအပြီးမှာ နယ်သာလန်အသင်းခေါင်းဆောင် ဗန်ဒိုက်ချ်က ကွင်းရဲ့အနေအထားကို ပြစ်တင်ဝေဖန်သွားခဲ့ပါတယ်။ အဆိုပါပွဲမှာ နယ်သာလန်အတွက် တစ်လုံးတည်းသော သွင်းဂိုးကို ဗန်ဒိုက်ချ်က ပင်နယ်တီကတစ်ဆင့် ပွဲကစားချိန် နောက်ဆုံးမိနစ်ရဲ့ နာကျင်အချိန်ပိုမှာ သွင်းယူခဲ့ပါတယ်။



ဂရိအိမ်ကွင်းမှာ နယ်သာလန်ကစားသမားတွေ ခက်ခက်ခဲခဲ ကစားခဲ့ရပြီး အနိုင်ဂိုးရရှိဖို့အတွက်ပါ အခုလိုမျိုး နောက်ဆုံးမိနစ်အထိ ရုန်းကန်ခဲ့ရတာပါ။ တကယ်လို့သာ ပင်နယ်တီသွင်းဂိုးမရခဲ့ရင် နယ်သာလန်တို့ လက်ရှိနိုင်ငံတကာရက်သတ္တပတ်မှာ ကစားခဲ့တဲ့ နှစ်ပွဲစလုံး နိုင်ပွဲပျောက်ခဲ့မှာပါ။
နယ်သာလန်ဟာ ပြင်သစ်နဲ့ အိမ်ကွင်းမှာ ကစားခဲ့တဲ့ပွဲမှာလည်း ၁-၂ ဂိုးနဲ့ အရေးနိမ့်ခဲ့ပါတယ်။ အဆိုပါပွဲအပြီးမှာလည်း ဗန်ဒိုက်ချ်က နယ်သာလန်အိမ်ကွင်းရဲ့ အနေအထားကို ဝေဖန်ခဲ့ပြီး အခု ဆက်တိုက်ဆိုသလိုပဲ ဂရိရဲ့ အိမ်ကွင်းအနေအထားကိုပါ ဝေဖန်ခဲ့တာပါ။
ဂရိနဲ့ပွဲအပြီးမှာ ဗန်ဒိုက်ချ်က “ခင်ဗျားတို့ ဒါမျိုး ကွင်းပုံစံကို မြင်ဖူးကြလား? ဒီလိုအဆင့်ပြိုင်ပွဲမျိုးမှာ ဒါမျိုးကွင်းမှာ ကစားဖို့ ခွင့်ပြုထားတယ်ဆိုတာ မယုံနိုင်စရာပါပဲ”​ လို့ ပြောကြားသွားခဲ့ပါတယ်။ ဗန်ဒိုက်ချ်သွင်းယူခဲ့တဲ့ ပင်နယ်တီသွင်းဂိုးအတွက် ပင်နယ်တီပေးခဲ့တဲ့ ကွင်းလယ်ဒိုင်ရဲ့လုပ်ရပ်ကိုလည်း ဂရိနည်းပြ ပိုယက်က အပြင်းအထန် စောဒကတက်ခဲ့ပါသေးတယ်။
အဲ့ဒါကြောင့်လည်း ကွင်းလယ်ဒိုင်က ပိုယက်ကို အနီကတ်ပြပြီး ထုတ်ပယ်ခဲ့ပါတယ်။ လက်ရှိမှာတော့ ဗန်ဒိုက်ချ်က လီဗာပူးနဲ့ ပြန်လည်ပူးပေါင်းတော့မှာဖြစ်ပြီး လာမယ့် စနေနေ့ညမှာ ကစားမယ့် အဲဗာတန်နဲ့ မာဆေးဆိုက်ဒ်ဒါဘီပွဲအတွက် ပြင်ဆင်ရတော့မှာပါ။

Share

Loading Next Article...
က္က