ယူနိုက်တက်နည်းပြ တန်ဟက်ခ်က ကွယ်လွန်သွားပြီဖြစ်တဲ့ အသင်းရဲ့ ဂန္တဝင်ကစားသမားဟောင်းကြီး ဆာဘော်ဘီချာလ်တန်ကို ဂုဏ်ပြုတဲ့အနေနဲ့ ဒီနေ့ည ကစားမယ့် ကိုပင်ဟေဂင်နဲ့ပွဲကို အနိုင်ကစားရမှာဖြစ်ကြောင်း ပြောကြားလာပါတယ်။ ဘော်ဘီချာလ်တန်ဟာ ပြီးခဲ့တဲ့ စနေနေ့က ကွယ်လွန်ခဲ့တာပါ။
ကွယ်လွန်ချိန်မှာ အသက် (၈၆) နှစ်အရွယ်ရှိပြီး သူ့ရဲ့ ယူနိုက်တက်အတွက် စွမ်းဆောင်မှု၊ ပေးဆပ်မှုတွေအပြင် ဘောလုံးလောကအတွက်ပါ ဂန္တဝင်တစ်ယောက်ဖြစ်ခဲ့တာကြောင့် ကမ္ဘာအနှံ့က ဘောလုံးပရိသတ်တွေအတွက် စိတ်မကောင်းစရာဖြစ်ခဲ့ရပါတယ်။
ယူနိုက်တက်ဟာ ဒီနေ့ညမှာ ကိုပင်ဟေဂင်နဲ့ ချန်ပီယံလိဂ်အိမ်ကွင်းပွဲကို ကစားရမှာဖြစ်ပြီး အုပ်စုတက်ရေးမျှော်လင့်ချက်အတွက် သေချာပေါက် အနိုင်ကစားဖို့ လိုအပ်နေပါတယ်။ ယူနိုက်တက်ဟာ ကစားပြီးခဲ့တဲ့ ချန်ပီယံလိဂ်အုပ်စုပွဲနှစ်ပွဲစလုံးမှာ ဘိုင်ယန်မြူးနစ်၊ ဂါလာတာစာရေးတို့ကို ရှုံးနိမ့်ခဲ့ပါတယ်။
ကိုပင်ဟေဂင်နဲ့ပွဲမတိုင်ခင်မှာ တန်ဟက်ခ်က “အိုးထရက်ဖို့ဒ်မှာ ကစားရတဲ့ပွဲတိုင်းက ထူးခြားခမ်းနားပါတယ်။ ဘရန့်ဖို့ဒ်နဲ့ ကစားခဲ့တဲ့ နောက်ဆုံးအိမ်ကွင်းပွဲမှာဆိုရင် ကျွန်တော်တို့ ပုံစံကောင်း မရှိချိန်မှာတောင်၊ ခက်ခဲတဲ့ အခိုက်အတန့်ရောက်နေတာတောင် ပရိသတ်တွေက ကျွန်တော်တို့နောက်မှာ ရှိနေခဲ့ပါတယ်”
“ကျွန်တော်တို့ ဘော်ဘီချာလ်တန်ကို ဂုဏ်ပြုတဲ့အနေနဲ့ ဒီပွဲကို အနိုင်ကန်ချင်ပါတယ်။ ဒါပေမယ့် ဒါမျိုးက အခြားနည်းလမ်းနဲ့ပဲဖြစ်ဖြစ် အနိုင်ကန်ရမယ့်ကိစ္စပါ။ ဘောလုံးမှာ ခင်ဗျားက ကစားပုံမကောင်းရင်တောင် အနိုင်ရမယ့်နည်းလမ်းကို ရှာရပါမယ်။ စနေနေ့ညကဆိုရင် အသင်းရဲ့ ဒုတိယဂိုးအတွက် ကျွန်တော် ပျော်ရွှင်ခဲ့ရပါတယ်” လို့ ပြောကြားသွားခဲ့ပါတယ်။