ယူနိုက်တက်နည်းပြ တန်ဟက်ခ်က ဖူလ်ဟမ်ကို ၀-၁ ဂိုးနဲ့ အနိုင်ရရှိခဲ့တဲ့ပွဲအပြီးမှာ အသင်းရဲ့ စိတ်ဓာတ်နဲ့ ပြိုင်ဘက်အပေါ် ဖိအားပေးပုံကို ကျေနပ်မိကြောင်း ပြောကြားခဲ့ပါတယ်။ အဆိုပါပွဲမှာ ယူနိုက်တက်တို့ ဘရူနိုဖာနန်ဒက်စ်ရဲ့ နောက်ဆုံးမိနစ်ဂိုးကြောင့် အနိုင်ရရှိခဲ့တာပါ။
ပထမပိုင်းမှာ တွမ်မီနေးက တစ်ဂိုးသွင်းယူခဲ့ပေမယ့် VAR ရဲ့ အငြင်းပွားဖွယ် ဆုံးဖြတ်ချက်နဲ့ ပယ်ဖျက်ခံခဲ့ရပါတယ်။ အဲ့ဒီနောက် ယူနိုက်တက်တို့ အနိုင်ဂိုးရရှိဖို့ ရုန်းကန်ခဲ့ရပြီး ဘရူနိုဖာနန်ဒက်စ်ရဲ့ ဧရိယာအစပ်က ကန်ချက်ကြောင့် ဂိုးဖြစ်ခဲ့ကာ အဝေးကွင်းမှာ နိုင်ပွဲရရှိခဲ့တာပါ။
ဒါဟာ ယူနိုက်တက်အတွက် နှစ်ပွဲဆက်အရှုံးကနေ ပြန်လည်ရုန်းထွက်လာနိုင်ခဲ့တာဖြစ်ပြီး ပရီးမီးယားလိဂ်မှာလည်း နောက်ဆုံးအဝေးကွင်း (၃) ပွဲဆက် နိုင်ပွဲရရှိခဲ့တာဖြစ်ပါတယ်။ ပွဲအပြီးမှာ တန်ဟက်ခ်က “ကျွန်တော်တို့က ပွဲတိုင်းကို အနိုင်ရဖို့ လိုအပ်တဲ့ အသင်းတစ်သင်းပါ။ ကျစ်လျစ်တဲ့ စွမ်းဆောင်ရည်ကိုလည်း ပြသခဲ့ပြီး ဒါကို ကျွန်တော် ကျေနပ်ပါတယ်”
“အသင်းရဲ့ တိုက်ပွဲဝင်စိတ်ဓာတ်နဲ့ ဖူလ်ဟမ်အပေါ် ဖိအားပေးခဲ့ပုံတွေကိုလည်း ကျွန်တော် အားရပါတယ်။ ဖူလ်ဟမ်က ခံစစ်ကနေ စပြီး ကစားပုံကောင်း တည်ဆောက်တဲ့ အသင်းတစ်သင်းပါ။ ကျွန်တော်တို့ ဒါမျိုးကို ဘယ်တုန်းကမှ ခွင့်မပြုခဲ့ပါဘူး။ ဖိအားပေးတာ ကောင်းခဲ့သလို Second Ball တွေကိုလည်း ပြန်ဆယ်နိုင်ခဲ့ပါတယ်”
“ဒါပေမယ့် ပြိုင်ဘက်ပင်နယ်တီဧရိယာထဲမှာတော့ ကျွန်တော်တို့ အခုထက်ပိုမိုပြီး အခွင့်အရေးတွေ ဖန်တီးနိုင်ရပါမယ်” လို့ ပြောကြားသွားခဲ့ပါတယ်။ ယူနိုက်တက်ဟာ လာမယ့်ကြားရက်မှာတော့ ချန်ပီယံလိဂ် အရေးကြီးပွဲတစ်ပွဲအဖြစ် ကိုပင်ဟေဂင်ကို အဝေးကွင်းမှာ သွားရောက် ရင်ဆိုင်ရမှာလည်း ဖြစ်ပါတယ်။