အက်စတွန်ဗီလာ ဂိုးသမား မာတီနက်ဇ်ဟာ မနေ့ညက နော်တင်ဟမ်ဖောရက်စ်ကို နှစ်ဂိုးပြတ်နဲ့ ရှုံးနိမ့်ခဲ့တဲ့ပွဲမှာ ကျူးလွန်ခဲ့တဲ့ အမှားတွေကြောင့် ဝေဖန်မှုတွေနဲ့ ရင်ဆိုင်နေရပါတယ်။ ဒီပွဲမှာ ပေးလိုက်ရတဲ့ နှစ်ဂိုးစလုံးက မာတီနက်ဇ်ရဲ့ အမှားတွေနဲ့ မကင်းခဲ့ပါဘူး။
နှစ်ဂိုးစလုံးကလည်း အဝေးကန်ချက်တွေဖြစ်ခဲ့ပြီး ပထမဂိုးမှာ မာတီနက်ဇ်ရဲ့ အားနည်းချက်ကို မြင်တွေ့ခဲ့ရပါတယ်။ ဒုတိယဂိုးကတော့ ပိုမို ရုပ်ပျက်ဆင်းပျက်နိုင်ခဲ့ပြီး ပရိသတ်တွေကတော့ မာတီနက်ဇ်ကို လှောင်ပြောင်နေကြပါတယ်။
မာတီနက်ဇ်ဟာ ပြီးခဲ့တဲ့ တနင်္လာနေ့ကမှ ဘလွန်းဒီအော်ဆုပေးပွဲမှာ ကမ္ဘာ့အကောင်းဆုံး ဂိုးသမားဆု (လက်ဗ်ယာရှင်ဆု) ကို ပူပူနွေးနွေး ဆွတ်ခူးခဲ့တာပါ။ ဒါကလည်း (၂၀၂၂) ကာတာကမ္ဘာ့ဖလားမှာ ချန်ပီယံဖြစ်ခဲ့တဲ့ အာဂျင်တီးနားနဲ့အတူ လက်စွမ်းပြနိုင်ခဲ့တာကြောင့် ဖြစ်ပါတယ်။
ဒါပေမယ့် ဒီလိုမျိုး ကမ္ဘာ့အကောင်းဆုံး ဂိုးသမားဆုကို ဆွတ်ခူးပြီးတဲ့နောက်မှာမှ အခုလိုမျိုး အမှားအယွင်းတွေကျူးလွန်ပြီး အသင်းကပါ သူ့ကြောင့် ရှုံးပွဲကြုံတွေ့ခဲ့ရတာက မာတီနက်ဇ်အတွက် စိတ်ပျက်စရာဖြစ်ခဲ့ပါတယ်။ နော်တင်ဟမ်ဖောရက်စ်နဲ့ပွဲ ဒုတိယပိုင်းအစမှာ ပေးလိုက်ရတဲ့ဂိုးကတော့ ဒီလိုပါ။
မန်ဂါလာ ဧရိယာအပြင်ကနေ လှမ်းကန်လိုက်တဲ့ ဘောလုံးကို မာတီနက်ဇ် ပုတ်ထုတ်နိုင်ခဲ့ပေမယ့် သူ့ရဲ့ ကာကွယ်မှုက မပြတ်သားခဲ့ပါဘူး။ အဲ့ဒါကြောင့်လည်း ဘောလုံးက ဂိုးထဲကို ပြန်ဝင်သွားခဲ့ပြီး မာတီနက်ဇ် ကြိုးစားပြီး လိုက်ဆယ်ခဲ့ပေမယ့် ဂိုးစည်းကျော်သွားခဲ့တာကြောင့် အခုလိုမျိုးပဲ ရှုံးပွဲနဲ့ ကြုံတွေ့ခဲ့ရကာ အရင်ကတည်းက လူမုန်းများတဲ့ မာတီနက်ဇ်တစ်ယောက် ပရိသတ်တွေရဲ့ လှောင်ပြောင်မှုနဲ့ ဆက်တိုက် ရင်ဆိုင်နေရပြီဖြစ်ပါတယ်။