ယူနိုက်တက်နည်းပြ တန်ဟက်ခ်က ဒီရာသီမှာ ပုံမှန်ခြေစွမ်းပျောက်ဆုံးနေတဲ့ ရပ်ရှ်ဖို့ဒ်တစ်ယောက် မကြာခင်မှာ ပုံစံကောင်းတွေပြသပြီး ဂိုးတွေ သွင်းနိုင်လိမ့်မယ်လို့ ပြောကြားခဲ့ပါတယ်။ ရပ်ရှ်ဖို့ဒ်က ဒီရာသီမှာ ယူနိုက်တက်အတွက် တစ်ဂိုးသာ သွင်းယူထားနိုင်တာပါ။
ဒါ့အပြင် နောက်ဆုံးကစားခဲ့တဲ့ ကိုပင်ဟေဂင်နဲ့ ချန်ပီယံလိဂ်ပွဲမှာလည်း ပြိုင်ဘက်ကို တက်နင်းမိခဲ့တာကြောင့် ပထမပိုင်းမှာတင် တိုက်ရိုက်အနီကတ်နဲ့ ထုတ်ပယ်ခံခဲ့ရပါတယ်။ အဲ့ဒါကြောင့်လည်း ဒီရာသီမှာ ရပ်ရှ်ဖို့ဒ်ရဲ့ သွင်းဂိုးအရေအတွက်နဲ့ အနီကတ်အရေအတွက်က တူညီနေခဲ့ပါတယ်။
သူ့အပေါ်မှာလည်း ဝေဖန်မှုတွေ ကျရောက်နေပြီး တန်ဟက်ခ်ကတော့ အခုလိုမျိုးပဲ ကာကွယ်ပေးခဲ့တာပါ။ လူတန်တောင်းနဲ့ပွဲမတိုင်ခင်မှာ တန်ဟက်ခ်က “လက်ရှိအခိုက်အတန့်မှာ ရပ်ရှ်ဖို့ဒ်က အကောင်းဆုံးပုံစံမှာ မရှိနေပါဘူး။ ဒါပေမယ့် သူ ပြန်လာမယ်ဆိုတာ ကျွန်တော် သိပါတယ်”
“အသင်းက ကစားပုံကောင်းလာတဲ့အခါ သူလည်း ပုံစံကောင်းပြလာနိုင်မှာပါ။ ဂိုးတွေလည်း သွင်းနိုင်မှာပါ။ သူက ဒီရာသီမှာ တိုးတက်လာပြီး ဂိုးတွေလည်း သွင်းယူနိုင်မယ်ဆိုတာကို ကျွန်တော် ယုံကြည်ချက်ရှိပါတယ်။ သူက အသင်းအတွက် အရေးကြီးပြီး ဖြစ်ပျက်နေတဲ့အရာတွေကိုလည်း သိပါတယ်”
“သူ လမ်းကြောင်းမှန်ပေါ် ပြန်ရောက်လာမှာဖြစ်ပြီး ဒါက လျင်လျင်မြန်မြန်နဲ့ပဲ ဖြစ်ပျက်လာနိုင်ပါတယ်။ တစ်ခါတလေ ဒါမျိုး ပြန်ဖြစ်သွားဖို့ တစ်ပွဲတည်း လိုအပ်ပြီး ရပ်ရှ်ဖို့ဒ် ဒီနေရာကို ရောက်လာမယ်ဆိုတာ သေချာပါတယ်” လို့ ပြောကြားသွားခဲ့ပါတယ်။