ယူနိုက်တက်နည်းပြ တန်ဟက်ခ်ဟာ ပရီးမီးယားလိဂ် ပထမဆုံးပွဲ (၅၀) မှာ လီဗာပူးနည်းပြ ကလော့ပ်တုန်းကထက် ပိုမိုကောင်းမွန်တဲ့ ရလဒ်တွေကို ရယူနိုင်ခဲ့ကြောင်း အချက်အလက်မှတ်တမ်းတွေက ဖော်ပြပါတယ်။ မနေ့ညက လူတန်ကို အနိုင်ရရှိခဲ့တဲ့နောက် တန်ဟက်ခ်က အခုလိုမျိုး မှတ်တမ်းကောင်းကို ပိုင်ဆိုင်ခဲ့တာပါ။
ဒါ့အပြင် တန်ဟက်ခ်ဟာ ယူနိုက်တက်နည်းပြဘဝ ပထမဆုံး လိဂ်ပွဲ (၅၀) မှာ နိုင်ပွဲ (၃၀) အထိ ရယူနိုင်ခဲ့တဲ့ နည်းပြအဖြစ်လည်း မှတ်တမ်းဝင်ခဲ့ပါတယ်။ ဒါ့အပြင် တန်ဟက်ခ်တစ်ယောက် ဒီပွဲ (၅၀) အတွင်း ရယူနိုင်ခဲ့တဲ့ အမှတ်အရေအတွက်က (၉၆) မှတ်အထိ ရှိခဲ့ပါတယ်။
ကလော့ပ်ကတော့ သူ့ရဲ့ ပထမဆုံး ပရီးမီးယားလိဂ် ပွဲ (၅၀) အတွင်း ရမှတ် (၉၂) မှတ်သာ ရရှိခဲ့တာကြောင့် တန်ဟက်ခ်တစ်ယောက် ဒီနေရာမှာတော့ ကလော့ပ်ထက် ပိုမိုအသာရသွားခဲ့ပြီလို့ ပြောရမှာပါ။ ဒါ့အပြင် ယူနိုက်တက်ဟာ ပရီးမီးယားလိဂ် နောက်ဆုံး (၅) ပွဲမှာလည်း (၄) ပွဲအထိ အနိုင်ရရှိထားပါတယ်။
တန်ဟက်ခ်အတွက် အခုရာသီက ယူနိုက်တက်နည်းပြဘဝ ဒုတိယရာသီဖြစ်ပြီး အသင်းနဲ့ပထမဆုံးရာသီမှာတော့ ကာရာဘောင်ဖလားကို ဆွတ်ခူးနိုင်ခဲ့ပါတယ်။ ဒီရာသီမှာတော့ ယူနိုက်တက်က ကာရာဘောင်ဖလားကနေ စောစောစီးစီး ထွက်ခွာခဲ့ရပြီးဖြစ်ပါတယ်။
မနေ့ညက လူတန်တောင်းနဲ့ပွဲမှာလည်း တန်ဟက်ခ်တစ်ယောက် ဒီရာသီ ပရီးမီးယားလိဂ်မှာ (၃) ကြိမ်မြောက်အဖြစ် အဝါကတ်ပြသခံခဲ့ရပါတယ်။ အဲ့ဒါကြောင့်လည်း နိုင်ငံတကာပွဲတွေအပြီး ကစားမယ့် အဲဗာတန်နဲ့ ပရီးမီးယားလိဂ်ပွဲကို ကွင်းအတွင်း ဝင်ရောက်ကြီးကြပ်ခွင့် ရရှိမှာ မဟုတ်ပါဘူး။