အင်္ဂလန်နဲ့ လီဗာပူး ညာနောက်ခံလူ အာနိုးလ်ဟာ ကွင်းလယ်မှာ အဆင်ပြေပြေ ကစားနိုင်ဖို့အတွက် မန်စီးတီးနောက်ခံလူလည်းဖြစ်၊ အင်္ဂလန်အသင်းဖော်လည်းဖြစ်တဲ့ ဂျွန်စတုန်းစ်ဆီက လေ့လာသင်ယူနေကြောင်း သိရှိရပါတယ်။ စတုန်းစ်ဟာ ဂွါဒီယိုလာအတွက် အားထားရတဲ့ ကစားသမားဖြစ်နေတာပါ။
ပုံမှန်အားဖြင့် ဗဟိုနောက်ခံလူနေရာမှာ ကစားတဲ့ စတုန်းစ်ဟာ နောက်ပိုင်းပွဲစဉ်တွေမှာ ညာနောက်ခံလူနေရာ၊ အဲ့ဒီကနေမှတစ်ဆင့် ကွင်းလယ်မှာ ရိုဒရီနဲ့တွဲပြီး တက်ကစားတဲ့အထိ ရောက်လာခဲ့ပါတယ်။ ဒီကစားကွက်မှာလည်း စတုန်းစ်က အဆင်ပြေပြေ ကစားပြီး ခြေစွမ်းပြနေပါတယ်။
ကလော့ပ်ကလည်း အာနိုးလ်ကို အလားတူ ပုံစံမျိုး သွပ်သွင်းနေပြီး အာနိုးလ်ရဲ့ အရည်အချင်းကလည်း ဒီလိုမျိုး ကစားနိုင်စွမ်းရှိနေပါတယ်။ ဒါနဲ့ပတ်သက်လို့ အာနိုးလ်က “ဒီလိုမျိုး ကစားနိုင်တာက လုံးဝကို ဂျွန်စတုန်းစ်ပါပဲ။ သူ ဒါမျိုး ကစားလာတာလည်း ကြာပါပြီ။ သူ ကစားတဲ့ပွဲတွေကို ကျွန်တော် လေ့လာဖြစ်ပါတယ်။ မန်စီးတီးပွဲတွေကိုလည်း ကျွန်တော်ကြည့်ပြီး သူ့ကို အာရုံစိုက်စောင့်ကြည့်ပါတယ်”
“သူ့ကို ကျွန်တော် အမြဲတမ်း လေးစားပြီး ရိုဒရီရဲ့ ကစားပုံကိုလည်း ကျွန်တော် သဘောကျပါတယ်။ သူက အသင်းရဲ့ထောက်တိုင်ဖြစ်ပြီး ထင်သလောက် ချီးကျူးမှုမရတဲ့ ကစားသမားပါ။ ဒါပေမယ့် သူ့ကို ကစားကွက်ကနေ ဖယ်ထုတ်လိုက်ရင် ဘာဖြစ်သွားလဲဆိုတာကို ကျွန်တော်တို့ အားလုံးအမြင်ပါပဲ”
“ဒီကစားသမားတွေဆီကနေ ကျွန်တော် လေ့လာနေပြီး အခြားကစားသမားတွေလည်း ရှိပါသေးတယ်။ ဘူးစကွက်စ်၊ အလွန်ဆို၊ ပီယာလို၊ ဂျရတ်တို့လို အရင်က ကစားသမားတွေရဲ့ ကစားပုံကိုလည်း ကျွန်တော် ပြန်ကြည့်ပြီး သူတို့ဆီက လေ့လာရတာ ပျော်ဖို့ကောင်းပါတယ်” လို့ ပြောကြားသွားခဲ့ပါတယ်။