ယူနိုက်တက်ရှယ်ယာတွေရဲ့ (၂၅) ရာခိုင်နှုန်းကို ဝယ်ယူနိုင်ခဲ့ပြီးဖြစ်တဲ့ ဆာဂျင်မီရက်ကလစ်ဖ်ဟာ အသင်းရဲ့ အားကစားရေးရာ ကိစ္စရပ်တွေကို စီမံခန့်ခွဲတော့မှာဖြစ်ပါတယ်။ ဒါ့အပြင် အသင်းရဲ့ အမှုဆောင်အရာရှိချုပ်အဖြစ် ဆောင်ရွက်နေတဲ့ ရစ်ချက်အာနိုးလ်လည်း အသင်းကနေ ထွက်ခွာတော့မှာပါ။
လက်ရှိမှာ အသင်းတွင်း အဓိက ပိုင်ဆိုင်သူအဖြစ် ဂလေဇာမိသားစုက ရှိနေဆဲဖြစ်ပါတယ်။ ဒါပေမယ့် အားကစားနဲ့ သက်ဆိုင်တဲ့ ကိစ္စရပ်တွေကို ရက်ကလစ်ဖ်က စတင်ကြီးကြပ်တော့မှာဖြစ်ပြီး ဆန်ချိုနဲ့ တန်ဟက်ခ်ရဲ့ ပြဿနာကို ပြေလည်သွားစေဖို့ ဆန္ဒရှိနေပါတယ်။
ဆန်ချိုနဲ့တန်ဟက်ခ်တို့ဟာ အာဆင်နယ်ကို ၃-၁ ဂိုးနဲ့ ရှုံးနိမ့်ခဲ့တဲ့ပွဲအပြီးမှာ မီဒီယာတွေကတစ်ဆင့် ပြဿနာဖြစ်ပွားခဲ့တာပါ။ လက်ရှိအချိန်အထိ ဒီပြဿနာက ပြေလည်ခြင်းမရှိသေးဘဲ ဆန်ချိုကို မတောင်းပန်သလို တန်ဟက်ခ်ကလည်း ဒီကစားသမားကို အသင်းကြီး လူစာရင်းကနေ ထုတ်ပယ်ထားပါတယ်။
သတင်းတွေရဲ့ ဖော်ပြချက်အရ ရက်ကလစ်ဖ်ဟာ ဆန်ချိုနဲ့ ပြဿနာကို အမြန်ဆုံးဖြေရှင်း အဆုံးသတ်ဖို့ တန်ဟက်ခ်ကို ပြောကြားခဲ့ကြောင်း သိရှိရပါတယ်။ ရက်ကလစ်ဖ်က တန်ဟက်ခ်ရဲ့အနာဂတ်နဲ့ ပတ်သက်လို့ အပြည့်အဝ ထောက်ခံချက်ပေးထားတဲ့ ပုဂ္ဂိုလ်တစ်ဦးလို့လည်း သတင်းတွေက ဖော်ပြထားပါတယ်။
ဒါပေမယ့် ဒီကစားသမားနဲ့ပြဿနာမှာတော့ တန်ဟက်ခ်ကို အမြန်ဆုံး ဖြေရှင်းစေလိုပါတယ်။ တန်ဟက်ခ်နဲ့ အသင်းဘက်ကတော့ ဆန်ချိုကို လာမယ့်ဆောင်းရာသီမှာ ရောင်းချဖို့ ပြင်ဆင်ထားပြီး ကစားသမားဘက်ကလည်း အသင်းကနေ ထွက်ခွာဖို့ အဆင်သင့်ဖြစ်လျက်ရှိပါတယ်။