ယူနိုက်တက်နည်းပြ တန်ဟက်ခ်ဟာ အသင်းရဲ့ တိုက်စစ်မှူးတွေ ဂိုးပေါက်ပျောက်နေတဲ့အပေါ် တစ်စုံတစ်ရာ စိုးရိမ်မှုမရှိကြောင်း ပြောကြားလိုက်ပါတယ်။ ဒီရာသီမှာ ယူနိုက်တက် တိုက်စစ်က အခြေအနေဆိုးရွားနေတာပါ။
ရပ်ရှ်ဖို့ဒ်၊ မာစီရယ်လ်၊ ဂါနာချို၊ ဟို့ဂျ်လန်း၊ အန်တိုနီတို့ အားလုံးပေါင်း ပရီးမီးယားလိဂ်သွင်းဂိုးက တစ်ဂိုးတည်း ရှိပါသေးတယ်။ ဒီဂိုးကို ရပ်ရှ်ဖို့ဒ်က အာဆင်နယ်ကို ၃-၁ ဂိုးနဲ့ ရှုံးတဲ့ပွဲမှာ သွင်းယူခဲ့တာဖြစ်ပါတယ်။
နောက်ပိုင်းပွဲတွေမှာ ယူနိုက်တက်အတွက် ကွင်းလယ်နဲ့ နောက်တန်းကစားသမားတွေက ဂိုးတက်သွင်းယူပေးခဲ့ရပါတယ်။ အဲ့ဒါကြောင့်လည်း တိုက်စစ်ပိုင်းက ဂိုးမိုးခေါင်နေတဲ့အပေါ် ဝေဖန်မှုတွေ ဆက်တိုက်ဆိုသလိုကို ထွက်ပေါ်နေခဲ့တာဖြစ်ပါတယ်။
ဒါပေမယ့်လည်း တန်ဟက်ခ်က “ကျွန်တော်တို့ တိုက်စစ်ကစားသမားတွေ ဂိုးပြန်သွင်းနိုင်တဲ့ အနေအထားတစ်ခုကို ပြန်ရောက်လာမယ်လို့ ကျွန်တော် ယုံကြည်ပါတယ်။ သူတို့မှာ ဂိုးသွင်းနိုင်တဲ့ အရည်အချင်းရှိပါတယ်။ ဒါကို သက်သေပြသပြီးကြပါပြီ။ ပြီးခဲ့တဲ့ရာသီမှာ ရပ်ရှ်ဖို့ဒ်၊ ဒီရာသီ ချန်ပီယံလိဂ်မှာ ဟို့ဂျ်လန်းတို့ပါ”
“ကျွန်တော်တို့ ကစားသမားတွေက လုပ်နိုင်စွမ်းရှိပါတယ်။ ဒီလိုမျိုးဖြစ်လာမယ့် အချိန်တစ်ခုကိုလည်း ရောက်လာမှာပါ။ သူတို့ တိုးတက်ဖို့ လိုအပ်တာအမှန်ပါ။ ဒါပေမယ့် ဂိုးသွင်းနိုင်စွမ်းကတော့ ရှိပြီးသားပါ” လို့ ပြောကြားသွားခဲ့ပါတယ်။ ယူနိုက်တက်ဟာ ဒီတစ်ပတ်မှာတော့ ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် အဲဗာတန်ကို အဝေးကွင်းမှာ သွားရောက် ရင်ဆိုင်ရမှာပါ။