ယူနိုက်တက်နည်းပြ တန်ဟက်ခ်က သူ့အသင်းအနေနဲ့ ချန်ပီယံလိဂ်မှာ အုပ်စုအဆင့်ကနေ မထွက်သင့်သလို ဘိုင်ယန်မြူးနစ်နဲ့ အုပ်စုနောက်ဆုံးပွဲမှာလည်း မရှုံးနိမ့်သင့်ကြောင်း ပြောကြားသွားခဲ့ပါတယ်။ ယူနိုက်တက်ဟာ မနေ့ညက အိုးထရက်ဖို့ဒ်မှာ ဘိုင်ယန်မြူးနစ်ကို ၀-၁ ဂိုးနဲ့ အရေးနိမ့်ခဲ့တာပါ။
အဲ့ဒါကြောင့်လည်း ယူနိုက်တက်တို့ ဒီရာသီ ချန်ပီယံလိဂ် အုပ်စုပွဲအားလုံး ကစားပြီးသွားချိန်မှာ အောက်ဆုံးနေရာမှာသာ ရပ်တည်နိုင်ခဲ့ပါတယ်။ ဒါ့အပြင် ယူနိုက်တက်က ပေးဂိုး (၁၅) ဂိုးအထိ ခွင့်ပြုခဲ့ရပါတယ်။
ဒါဟာ ချန်ပီယံလိဂ်သမိုင်းတစ်လျှောက် အုပ်စုပွဲစဉ်တွေမှာ ပေးဂိုး (၁၅) ဂိုးအထိ ခွင့်ပြုရတဲ့ ပထမဆုံး အင်္ဂလန်အသင်းအဖြစ်လည်း မှတ်တမ်းဝင်သွားခဲ့ပါတယ်။ ပွဲအပြီးမှာ တန်ဟက်ခ်က “နောင်တရစရာမရှိပါဘူး။ ကျွန်တော်တို့ နောက်တစ်ဆင့် မတက်နိုင်ပေမယ့် ဒါကို လက်ခံပြီး ဒီကတစ်ဆင့် သင်ယူရပါမယ်”
“ကျွန်တော်တို့ ချန်ပီယံလိဂ်မှာ ပုံစံကောင်းအချို့ ပြသနိုင်ခဲ့ပြီး ပရီးမီးယားလိဂ်မှာလည်း ဒီပုံစံတွေကို ယူသွားဖို့ လိုအပ်ပါတယ်။ နောက်နှစ် ချန်ပီယံလိဂ်မှာ ပြန်လည် ပါဝင်ချင်ပါတယ်။ ကျွန်တော်တို့ ဒီနေ့ ဘိုင်ယန်မြူးနစ်နဲ့ပွဲမှာ မရှုံးခဲ့သင့်ပါဘူး။ ကောင်းမွန်တဲ့ပုံစံကောင်းတွေ ပြသခဲ့ပေမယ့် အမှားအယွင်းတွေလည်း ပြုလုပ်ခဲ့ပါတယ်”
“နောက်ဆုံးမှာတော့ ဒါက လုံလောက်မှု မရှိခဲ့ပါဘူး။ အချက်အလက်တွေအရ နောက်တစ်ဆင့်အတွက် ကျွန်တော်တို့ အမှတ်မရခဲ့ပါဘူး။ ဒီအတွက် နည်းပြတစ်ယောက်အနေနဲ့ရော၊ အသင်းအနေနဲ့ရော စိတ်ပျက်ရပြီး ကျွန်တော်တို့ ပိုကောင်းအောင် လုပ်နိုင်ခဲ့သင့်ပါတယ်” လို့ ပြောကြားသွားခဲ့ပါတယ်။