တစ်ပတ်နားပြီး ပြန်စတဲ့အချိန်မှာ ဖြစ်ပွားခဲ့တာပါ။

အင်္ဂါနေ့ညက ကစားခဲ့တဲ့ ထရက်ဇွန်စပေါ်နဲ့ အစ္စတန်ဘူလ်စပေါ်တို့ရဲ့ တူရကီလိဂ်ပွဲစဉ်မှာ အစ္စတန်ဘူလ်စပေါ် အသင်းပိုင်ရှင် ဆာရီယာလီယိုဂိုလူက ကွင်းထဲအထိ ဝင်ရောက်လာကာ ပွဲကို ဆက်မကစားဖို့ အသင်းသားတွေကို တိုက်တွန်းခဲ့ပါတယ်။ အဲ့ဒီအချိန်မှာ ထရက်ဇွန်စပေါ်က ၂-၁ ဂိုးနဲ့ ပွဲကို ဦးဆောင်ထားတာပါ။



ထရက်ဇွန်စပေါ်က ဦးဆောင်ဂိုးထပ်မံရရှိခဲ့ပြီးနောက် ၂-၁​ ဂိုးဖြစ်နေချိန်၊ ပွဲကစားချိန် (၇၄) မိနစ်မှာ ဆာရီယာလီယိုဂိုလူက ကွင်းထဲအထိ ဝင်ရောက်လာခဲ့ပါတယ်။ အဲ့ဒီနောက် သူ့ရဲ့ ကစားသမားတွေကို ပွဲဆက်မကစားဖို့၊ ကွင်းထဲက ထွက်သွားဖို့ တွန်းအားပေးခဲ့ပါတယ်။

ထရက်ဇွန်စပေါ်တို့ ဦးဆောင်ဂိုးမရခင်မှာ ဧည့်သည် အစ္စတန်ဘူလ်စပေါ်က ပင်နယ်တီရသင့်တဲ့ အခွင့်အရေးမျိုးရှိခဲ့ပေမယ့် ကွင်းလယ်ဒိုင်က မျက်ကွယ်ပြုခဲ့ပါတယ်။ အဲ့ဒီနောက်မှာတော့ ဦးဆောင်ဂိုး ပေးလိုက်ရတာဖြစ်ပြီး ဒီအပေါ်မှာ အစ္စတန်ဘူလ်စပေါ် ပိုင်ရှင်က မကျေမနပ်ဖြစ်ခဲ့ဟန်ရှိပါတယ်။

အစ္စတန်ဘူလ်စပေါ် ကစားသမားတွေကတော့ သူတို့အသင်းပိုင်ရှင်ရဲ့ လုပ်ရပ်ကြောင့် ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိ ဖြစ်ခဲ့သည့်တိုင် ကွင်းထဲမှာ ဆက်ရှိနေခဲ့ပါတယ်။ နည်းပြကလည်း အံ့အားသင့်စွာနဲ့ ကြည့်နေခဲ့ပေမယ့် ကွင်းလယ်ဒိုင်ကတော့ ပွဲကို တရားဝင်ရပ်နားပစ်ခဲ့ပါတယ်။

ပြီးခဲ့တဲ့​ရက်သတ္တပတ်ကလည်း အန်ကာရာဂူကူရဲ့ ဥက္ကဌဟာ ကွင်းအတွင်း ဝင်ရောက်ကာ ကွင်းလယ်ဒိုင်ကို ထိုးကြိတ်ခဲ့တာကြောင့် တူရကီလိဂ်ပွဲတွေကို တစ်ပတ်ကြာ ရပ်နားခဲ့ရပါတယ်။ အဲ့ဒီနောက် ပွဲစဉ်တွေကို ပြန်လည်စတင်ကစားခဲ့တဲ့ ပထမဆုံးညမှာတင် အခုလိုမျိုး အစ္စတန်ဘူလ်စပေါ်ရဲ့ အသင်းပိုင်ရှင်ကပါ ကွင်းထဲအထိ ဝင်ရောက်ကာ ပြဿနာရှာပြီး ပွဲရပ်ခဲ့ရတာဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က