ယူနိုက်တက် ဂန္တဝင်နောက်ခံလူဟောင်း ဂယ်ရီနဗီးလ်က အသင်းရဲ့ ရှယ်ယာ (၂၅) ရာခိုင်နှုန်းကို ဝယ်ယူလိုက်တဲ့ ရက်ကလစ်ဖ်ရဲ့ လက်ထက်မှာ အသင်းအနေနဲ့ လူရိုသေ၊ ရှင်ရိုသေ ပြန်ဖြစ်လာဖို့ မျှော်လင့်ကြောင်း ပြောကြားလိုက်ပါတယ်။
အဆိုပါ ဗြိတိန်ဘီလျံနာသူဌေးကြီးဟာ ယူနိုက်တက်ရဲ့ ရှယ်ယာ (၂၅) ရာခိုင်နှုန်းကို ဝယ်ယူနိုင်ခဲ့ပြီဖြစ်ကြောင်း မနေ့ညက တရားဝင် သတင်းထုတ်ပြန်ခဲ့ပါတယ်။ ရက်ကလစ်ဖ်အနေနဲ့ အသင်းရဲ့ အားကစားဆိုင်ရာကိစ္စရပ်အဝဝကို အပြည့်အဝ စီမံခန့်ခွဲခွင့် ရရှိမှာ ဖြစ်ပါတယ်။
ဒီလိုမျိုး ရှယ်ယာ (၂၅) ရာခိုင်နှုန်းအတွက် ရက်ကလစ်ဖ်က ပေါင် (၁.၂၅) ဘီလျံ အသုံးပြုခဲ့ရတယ်လို့ သိရှိရပါတယ်။ ဒါ့အပြင် အသင်းအတွက်လည်း ရက်ကလစ်ဖ်က နောက်ထပ် ပေါင်သန်း (၃၀၀) စိုက်ထုတ် ရင်းနှီးမြှုပ်နှံသွားဖို့ရှိကြောင်း သတင်းတွေက ဖော်ပြထားပါတယ်။
ဒီလိုမျိုး ရက်ကလစ်ဖ်ရဲ့ အရောင်းအဝယ်ကိစ္စကို တရားဝင်ကြေညာခဲ့ပြီးတဲ့နောက် ဂယ်ရီနဗီးလ်က “ယူနိုက်တက်ရဲ့ (၂၀၂၃) ခုနှစ်ကတော့ အရှက်ရဖွယ်ကောင်းစွာနဲ့ပဲ အဆုံးသတ်သွားခဲ့ပါပြီ။ တကယ်ကို စိတ်ပျက်ဖို့ ကောင်းပြီး စုဖွဲ့မှုမရှိတဲ့ အဖွဲ့အစည်းအကြောင်းကို စဉ်းတောင် မစဉ်းစားချင်ပါဘူး”
“ဘာပဲဖြစ်ဖြစ် ရက်ကလစ်ဖ်အတွက်တော့ အကောင်းဆုံးတွေပဲဖြစ်ဖို့ ဆုတောင်းပါတယ်။ သူ့အနေနဲ့ ယူနိုက်တက်ကို ကွင်းတွင်းမှာရော၊ ကွင်းပြင်မှာပါ တစ်စုံတစ်ခု လူရိုသေ၊ ရှင်ရိုသေဖြစ်အောင် ပြန်လည်လုပ်ပေးနိုင်ဖို့ ကျွန်တော် မျှော်လင့်ပါတယ်” လို့ ပြောကြားသွားခဲ့ပါတယ်။