ဘိုင်ယန်မြူးနစ်နည်းပြ သောမတ်စ်တူဟယ်လ်ဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ အသင်းကို စတင်ရောက်ရှိလာပြီးနောက် အသင်းက ကစားသမားတွေရဲ့ အနေအထားအပေါ် အံ့အားသင့်ခဲ့ရကြောင်း သိရှိရပါတယ်။ တူဟယ်လ်ဟာ နာဂယ်လ်စမန်းရဲ့နေရာကို အစားဝင်ရောက်လာခဲ့တာပါ။
အဆိုပါ ဂျာမနီလူမျိုးနည်းပြကြီးဟာ အသင်းကို ရောက်ရောက်ချင်း နာဂယ်လ်စမန်း ချန်ရစ်ခဲ့တဲ့ ကစားသမားတွေရဲ့ ကြံ့ခိုင်မှု၊ စိတ်ပိုင်းဆိုင်ရာတို့အတွက် စိုးရိမ်ခဲ့ရကြောင်း သိရှိရပါတယ်။ ဒါ့အပြင် အသင်းမှာ အိုလီဗာခန်း၊ ဆာလီဟာမစ်ဇစ်တို့ ဖန်တီးထားတဲ့ အနေအထားတွေကြောင့်လည်း တုန်လှုပ်ခဲ့ရပါတယ်။
အထူးသဖြင့် မာနေးနဲ့ ဆာနေးတို့အကြား ရန်ပွဲက ကစားသမားတွေအကြား ဘယ်လောက်အထိ စိတ်ဓာတ်ပျက်ယွင်းနေလဲဆိုတာကို မီးမောင်းထိုးပြခဲ့ပါတယ်။ တူဟယ်လ်ဟာ ရာသီကုန်မှာ ဘွန်ဒက်စ်လီဂါချန်ပီယံဆုကို ဆွတ်ခူးနိုင်ခဲ့ပေမယ့် ချန်ပီယံလိဂ်၊ ပိုကယ်လ်ဖလားတို့ကိုတော့ ဆုံးရှုံးခဲ့ရပါတယ်။
တူဟယ်လ်အနေနဲ့ အသင်းကို ရောက်ရှိပြီးနောက် ဗဟိုတိုက်စစ်မှူးစစ်စစ်ကို ကမ္ဘာ့အဆင့်မီ အနေအထားနဲ့ အလိုရှိခဲ့ပြီး ဒီအတွက်လည်း ဟယ်ရီကိန်းကို အရခေါ်ယူပေးဖို့ တောင်းဆိုခဲ့ပါတယ်။ ဟယ်ရီကိန်း ရောက်ရှိလာခဲ့သည့်တိုင် တူဟယ်လ် အလိုရှိတဲ့ ကွင်းလယ်ခံစစ်ကစားသမားကိုတော့ အသင်းဘက်က ပြီးခဲ့တဲ့နွေရာသီမှာ ခေါ်ယူပေးနိုင်ခြင်း မရှိခဲ့ပါဘူး။