ယူနိုက်တက်နောက်ခံလူဟောင်းကြီး ဂယ်ရီနဗီးလ်က အာဆင်နယ်တို့ ရာသီကုန်ချိန်မှာ ချန်ပီယံဖြစ်နိုင်သေးကြောင်း ပြောကြားခဲ့ပါတယ်။ အာဆင်နယ်ဟာ နောက်ဆုံး ကစားခဲ့တဲ့ ပရီးမီးယားလိဂ် (၂) ပွဲဆက်မှာ အရေးနိမ့်ခဲ့တာပါ။
ဝက်စ်ဟမ်း၊ ဖူလ်ဟမ်တို့ကို ဒီဇင်ဘာပွဲကျပ်ကာလတွေမှာ ရှုံးနိမ့်ခဲ့တာဖြစ်ပြီး ဒီရလဒ်တွေကြောင့် အသင်းက အဆင့် (၄) နေရာအထိ ရောက်ရှိသွားခဲ့ပါတယ်။ ဒါ့အပြင် အမှတ်ပေးဇယားကို ဦးဆောင်ထားတဲ့ လီဗာပူးနဲ့လည်း (၅) မှတ်ပြတ်သွားခဲ့ပါတယ်။
နဗီးလ်ဟာ ဒီရာသီအစောပိုင်းမှာ အာဆင်နယ် ပရီးမီးယားလိဂ်ချန်ပီယံဖြစ်နိုင်မယ်လို့ ခန့်မှန်းဖူးပါတယ်။ အခုချိန်မှာလည်း ဒီအင်္ဂလန်နောက်ခံလူဟောင်းကြီးက “အခု ရာသီဝက်လောက်ပဲရှိနေချိန်မှာ သူတို့ ဒီအခြေအနေကို ပြန်ပြောင်းနိုင်ပြီး ကျွန်တော့်ရဲ့ ခန့်မှန်းချက်ကို ပြောင်းလဲသွားမှာ မဟုတ်ပါဘူး”
“သူတို့က အာဆင်နယ်ရဲ့လမ်းစဉ်ကနေ လုံးဝထွက်သွားတာမျိုး မဟုတ်ပါဘူး။ သူတို့နဲ့ ပတ်သက်လို့ စိတ်ပျက်မိပါတယ်။ ကစားသမားတွေလည်း ကိုယ့်ကိုယ်ကိုယ် စိတ်ပျက်နေကြမှာဖြစ်ပြီး အာဆင်နယ်ပရိသတ်တွေလည်း နောက်ဆုံး (၂) ပတ် (၃) ပတ်လောက်အတွက် စိတ်ပျက်နေမှာပါ။ သူတို့အတွက် ကောင်းမွန်တဲ့နေရာမှာ ရပ်တည်နိုင်မယ့် အခွင့်အရေးကို ဆုံးရှုံးခဲ့ရတာလေ”
“အခု သူတို့က ချန်ပီယံဆုကို ဆွတ်ခူးနိုင်တဲ့ နေရာမျိုးမှာ ရှိနေဆဲပါ။ ဒီလေးငါးခြောက်မှတ်လောက်က လာမယ့်အပတ်တွေမှာ ပြန်မီနိုင်ပါတယ်။ သူတို့ အခုချိန်မှာ ခက်ခဲတဲ့ အနေအထားကို ရောက်နေပေမယ့် ပြန်လာနိုင်မှာပါ။ ပရီးမီးယားလိဂ်ချန်ပီယံဆုကို ဆွတ်ခူးနိုင်ပါသေးတယ်” လို့ ပြောကြားခဲ့ပါတယ်။