ယူနိုက်တက်နည်းပြ အဲရစ်တန်ဟက်ခ်က အသင်းရဲ့ တိုက်စစ်မှူး ရပ်ရှ်ဖို့ဒ်ကို ပီအက်စ်ဂျီက ခေါ်ယူဖို့ သတင်းထွက်နေတာနဲ့ ပတ်သက်လို့ ဖွင့်ဟပြောကြားလာခဲ့ပါတယ်။ ပီအက်စ်ဂျီဟာ လာမယ့်နွေရဦသီ အပြောင်းအရွှေ့မှာ အမ်ဘာပေကို လက်လွှတ်ရတော့မှာပါ။
အဲ့ဒါကြောင့်လည်း သူတို့ရဲ့ တိုက်စစ်ပိုင်းကို ပြန်လည်အားဖြည့်ဖို့အတွက် ပီအက်စ်ဂျီတို့ ယူနိုက်တက် တိုက်စစ်ကစားသမား ရပ်ရှ်ဖို့ဒ်ကို ပစ်မှတ်ထားနေပါါတယ်။ သတင်းတွေရဲ့အဆိုအရ ပြင်သစ်လီဂူးရဲ့ ထိပ်သီးကလပ်ဟာ ရပ်ရှ်ဖို့ဒ်အတွက် ပြောင်းရွှေ့ကြေး ပေါင် (၇၅) သန်းပေးဖို့ ပြင်ဆင်ထားတယ်လို့ သိရှိရပါတယ်။
ဒါပေမယ့်လည်း တန်ဟက်ခ်ကတော့ ရပ်ရှ်ဖို့ဒ်ကို ရောင်းထုတ်ဖို့ ဆန္ဒမရှိကြောင်း လီဗာပူးနဲ့ ကစားမယ့် အက်ဖ်အေဖလား ကွာတားဖိုင်နယ်ပွဲမတိုင်ခင် သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။ တန်ဟက်ခ်က “ကျွန်တော်တို့ မနှစ်တုန်းက ရပ်ရှ်ဖို့ဒ်ကို လေးနှစ်စာချုပ်သစ် ချုပ်ခဲ့တာက သူ့ကို ရောင်းထုတ်ဖို့ ရည်ရွယ်ချက်နဲ့ မဟုတ်ပါဘူး”
“သူက ယူနိုက်တက်ရဲ့စီမံကိန်းမှာ အစိတ်အပိုင်းတစ်ခုဖြစ်ပြီး သူ့ကို ရောင်းထုတ်ဖို့ဆိုတာက ထည့်ပြောနေရမယ့်ကိစ္စတောင် မဟုတ်ပါဘူး” လို့ ပြောကြားသွားခဲ့ပါတယ်။ ရပ်ရှ်ဖို့ဒ်ဟာ တန်ဟက်ခ်နဲ့ ယူနိုက်တက်နည်းပြ ပထမဆုံးရာသီမှာ ပြိုင်ပွဲစုံသွင်းဂိုး (၃၀) အထိ သွင်းယူပေးနိုင်ခဲ့တဲ့ ကစားသမားဖြစ်ပါတယ်။
အဲ့ဒါကြောင့်လည်း ယူနိုက်တက်က သူ့ကို စာချုပ်သစ်ချုပ်ဆိုခဲ့တာဖြစ်ပြီး ဒီရာသီမှာ သွင်းဂိုး (၄၀) အထိ ရရှိဖို့တောင် တန်ဟက်ခ်က ရည်ရွယ်ခဲ့တာပါ။ ဒါပေမယ့် ဒီကစားသမားကတော့ အခုချိန်မှာ ပုံမှန်ခြေစွမ်းပြသဖို့တောင်မှ ရုန်းကန်နေရဆဲလည်း ဖြစ်ပါတယ်။