ယူနိုက်တက်နည်းပြ တန်ဟက်ခ်က ပြီးခဲ့တဲ့ နိုင်ငံတကာရက်သတ္တပတ်ကို အနိုင်ရလဒ်နဲ့ ဖြတ်သန်းခဲ့ရတာက ကောင်းမွန်ကြောင်း ပြောကြားလိုက်ပါတယ်။ နိုင်ငံတကာပွဲတွေ မလာခင်မှာ ယူနိုက်တက်က လီဗာပူးကို အက်ဖ်အေဖလား ကွာတားဖိုင်နယ်မှာ ၄-၃ ဂိုးနဲ့ အနိုင်ရရှိကာ ဆီမီးဖိုင်နယ် တက်ရောက်ခဲ့တာပါ။
အချိန်ပို မိနစ် (၁၂၀) အထိ ကစားခဲ့ရတဲ့ ဒီပွဲက လီဗာပူးအတွက်တော့ တော်တော်လေးကို နစ်နာစရာ ပွဲတစ်ပွဲဖြစ်ခဲ့ပါတယ်။ ယူနိုက်တက်အတွက် အနိုင်ဂိုးကိုလည်း မိနစ် (၁၂၀) နောက်ဆုံးမိနစ်ကျမှ ဒီယာလိုက တန်ပြန်တိုက်စစ်ကတစ်ဆင့် သွင်းယူသွားခဲ့တာဖြစ်ပြီး လီဗာပူးပရိသတ်တွေအတွက် နှစ်ထပ်ကွမ်းအသည်းကွဲခဲ့ရတာပါ။
ဘရန့်ဖို့ဒ်နဲ့ပွဲမတိုင်ခင် သတင်းစာရှင်းလင်းပွဲမှာတော့ တန်ဟက်ခ်က “တကယ်ကို အံ့အားသင့်ဖွယ်ရာ နိုင်ငံတကာ ရက်သတ္တပတ်ဖြစ်ခဲ့ပါတယ်။ နိုင်ငံတကာ ရက်သတ္တပတ်ကို နိုင်ပွဲနဲ့ ဖြတ်သန်းခွင့်ရတာက အမြဲတမ်း ကောင်းမွန်တဲ့ကိစ္စပါ။ အထူးသဖြင့် ဒီလိုနိုင်ပွဲမျိုးနဲ့ဆိုရင်တော့ သေချာပေါက်ကို ကောင်းတာပေါ့”
“ကစားသမားတွေက နိုင်ငံအသင်းတွေအတွက် သွားရောက်ပူးပေါင်းတယ်၊ ကစားပုံတွေကအစ ပြောင်းလဲရတယ်၊ အခုတော့ ဒီကစားသမားတွေ အားလုံးလည်း ပြန်ရောက်လာပါပြီ။ အခု ကျွန်တော်တို့ ရှိခဲ့တဲ့နေရာကို ပြန်သွားရပါတော့မယ်။ ကျွန်တော်တို့ရဲ့ ကစားပုံနဲ့ ကျွန်တော်တို့ရဲ့ အသင်းမှာ သူတို့ ပြန်ရှိနေပါပြီ”
“တစ်နေ့ကပဲ ကျွန်တော်တို့ရဲ့ လေ့ကျင့်ခန်း အစီအစဉ်တွေကို ပြန်လည်စတင်ခဲ့ပြီး ဒါက တိုတောင်းတဲ့ အချိန်ကာလဖြစ်သည့်တိုင် ဘရန့်ဖို့ဒ်နဲ့ပွဲအတွက် အဆင်သင့်ဖြစ်နေမှာပါ” လို့ ပြောကြားသွားခဲ့ပါတယ်။ ယူနိုက်တက်ဟာ ဒီနေ့ညမှာ ပရီးမီးယားလိဂ် အဝေးကွင်းပွဲစဉ်အဖြစ် ဘရန့်ဖို့ဒ်နဲ့ သွားရောက် ရင်ဆိုင်ကစားရမှာလည်း ဖြစ်ပါတယ်။