ဘရန့်ဖို့ဒ်နဲ့ပွဲအပြီးမှာ ဝေဖန်ခဲ့တာပါ။

ယူနိုက်တက်နည်းပြ တန်ဟက်ခ်က မနေ့ညက ဘရန့်ဖို့ဒ်နဲ့ အဝေးကွင်းမှာ ၁-၁ ဂိုး သရေကျခဲ့တဲ့နောက် သူ့အသင်းက အနိုင်ရရှိဖို့ မထိုက်တန်ခဲ့ကြောင်း ပြောကြားခဲ့ပါတယ်။ ဒီပွဲမှာ မိနစ် (၉၀) ရဲ့ နာကျင်အချိန်ပိုမှ ယူနိုက်တက်တို့ မေဆင်မောင့်ရဲ့ ဦးဆောင်ဂိုးကို ရရှိခဲ့တာပါ။



ဒါပေမယ့်လည်း နောက် (၃) မိနစ်အကြာမှာ ဘရန့်ဖို့ဒ်နောက်ခံလူ ကေဂျာရဲ့ ချေပဂိုးကို ပြန်လည် ခွင့်ပြုလိုက်ရတာကြောင့် ယူနိုက်တက်တို့ အဝေးကွင်းမှာ တစ်ဂိုးစီ သရေနဲ့ ကျေနပ်ခဲ့ရတာဖြစ်ပါတယ်။ ယူနိုက်တက်အတွက်ကတော့ စပါး၊ ဗီလာတို့ နိုင်ပွဲရရှိသွားချိန်မှာ ဒီလိုမျိုး ခြေချော်ခဲ့တာကြောင့် လာမယ့်ရာသီ ချန်ပီယံလိဂ်ဝင်ခွင့်က ပိုမိုဝေဝါးသွားခဲ့ပါပြီ။

ပွဲအပြီးမှာ တန်ဟက်ခ်က “ကျွန်တော်တို့ အနိုင်ရဖို့ မထိုက်တန်ခဲ့ပါဘူး။ ဒါပေမယ့်လည်း ဒီပွဲသာ နိုင်သွားခဲ့ရင်လည်း ကျွန်တော်ကတော့ သာမန်အတိုင်း ဒီလိုအခြေအနေမျိုးမှာ အသင်းက အရမ်းကောင်းတယ်လို့ ပြောမှာပါပဲ။ တစ်ပွဲလုံး ကျွန်တော်တို့ ကြံ့ကြံ့ခံကစားနိုင်ခဲ့ပေမယ့် စိတ်အားထက်သန်မှုအပိုင်းမှာတော့ ဘရန့်ဖို့ဒ်က ပိုကောင်းပါတယ်”

“ကျွန်တော်တို့ပွဲအတွင်းမှာ အခုထက်ပိုတဲ့ စိတ်အားထက်သန်မှုမျိုးနဲ့ လိုချင်တောင့်တမှုမျိုးကို အများကြီး ပြသရမှာပါ။ ကစားပုံမကောင်းသည့်တိုင် အနိုင်ရဖို့က လိုအပ်ပြီး ကျွန်တော်တို့ ဒါကို အချိန်မီ မလုပ်နိုင်ခဲ့ပါဘူး။ ဒါက တိုက်ပွဲဝင်စိတ်ဓာတ်တစ်ခုပါ။ တိုက်ပွဲတော့ဝင်ခဲ့ကြပေမယ့် လုံလောက်မှုတော့ မရှိပါဘူး” လို့ ပြောကြားသွားခဲ့ပါတယ်။

ဒီပွဲမှာ ယူနိုက်တက်ကစားပုံက တော်တော်လေး စိတ်ပျက်ဖို့ကောင်းခဲ့ပြီး ပြိုင်ဘက်အသင်းကို ဂိုးပေါက်ကန်သွင်းခွင့် အများအပြားလည်း ပေးခဲ့ရပါတယ်။ အဲ့ဒါကြောင့်လည်း ဒီအပေါ်မှာ ပရိသတ်တွေက တော်တော် စိတ်ပျက်နေကြပြီး ယူနိုက်တက်ကတော့ လီဗာပူးကို အက်ဖ်အေဖလားကနေ ဖြုတ်ချပြီးနောက် ပရီးမီးယားလိဂ်မှာ ချက်ချင်းနိုင်ပွဲပျောက်ခဲ့ရတာလည်း ဖြစ်ပါတယ်။

Share

Loading Next Article...
က္က