အာဆင်နယ် ကွင်းလယ်လူ ဒကလန်ရိုက်စ်က မန်စီးတီးနဲ့ ကစားမယ့် ပွဲကြိုအစီအစဉ်ကို အသင်းဖော်ဟောင်း ဝက်စ်ဟမ်း တိုက်စစ်မှူး အန်တိုနီယိုနဲ့ လေဆိပ်မှာ ပြောဆိုဖြစ်ခဲ့ကြောင်း သိရှိရပါတယ်။ ဒီအကြောင်းတွေကို အန်တိုနီယိုကိုယ်တိုင်က ဖွင့်ဟပြောကြားခဲ့တာပါ။
စနေညမှာ ဝက်စ်ဟမ်းတို့ နယူးကာဆယ်ကို ရှုံးနိမ့်ပြီး လေဆိပ်ကို ပြန်အရောက်၊ အာဆင်နယ်ကလည်း မန်စီးတီးနဲ့ပွဲအတွက် လေဆိပ်ကနေ ထွက်ခွာဖို့ ပြင်ဆင်နေချိန်မှာ သူတို့နှစ်ယောက် တွေ့ဆုံခဲ့တာဖြစ်ပါတယ်။ ဒီလိုမျိုး ဆုံတွေ့ချိန်မှာ အာဆင်နယ်တို့ မန်စီးတီးနဲ့ပွဲမှာ ကစားမယ့်ပုံစံနဲ့ ပတ်သက်လို့ ရိုက်စ်က ကြိုတင်ပြောခဲ့တယ်လို့ ဆိုပါတယ်။
အန်တိုနီယိုက “ရူးချင်စရာအကောင်းဆုံးက ကျွန်တော်တို့ ဒကလန်ရိုက်စ်နဲ့ တွေ့ခဲ့တာပါပဲ။ ကျွန်တော်တို့ နယူးကာဆယ်ကနေအပြန်၊ အာဆင်နယ်ကလည်း လေဆိပ်မှာ မန်ချက်စတာမြို့ကို သွားဖို့ အဆင်သင့်လုပ်နေချိန်ပေါ့။ ဒီတော့ ကျွန်တော်တို့ ဒကလန်ရိုက်စ်နဲ့ စကားပြောဖြစ်ခဲ့ပြီး သူက မန်စီးတီးနဲ့ ကစားမယ့် ပွဲကြိုအစီအစဉ်ကို ပြောပြခဲ့ပါတယ်”
“သူ ကျွန်တော်တို့ကို အတိအကျကြီး ပြောခဲ့တာ မဟုတ်ပေမယ့် ‘ငါတို့ ပုံစံအတိုင်း ကစားမှာ မဟုတ်ဘူး၊ ပုံမှန်ကစားနေကျအတိုင်း ဖြစ်မှာ မဟုတ်ဘူး’ လို့ ပြောခဲ့ပါတယ်။ သူ ကျွန်တော်တို့ကို ပြောခဲ့တာ အဲ့ဒါပဲ။ ဒါက တော်တော်လေးကို ကွဲပြားခြားနားမယ်လို့လည်း ပြောခဲ့ပါသေးတယ်။ ကျွန်တော်တို့က ဘယ်လိုနည်းလဲတောင် ပြန်မေးလိုက်ပါသေးတယ်”
“သူကတော့ သူတို့ ကစားမယ့်နည်းလမ်းက အာဆင်နယ်အသင်းရဲ့ပုံစံမျိုးနဲ့တူမှာ မဟုတ်ဘူးလို့ ပြောသွားပါတယ်။ သူတို့ ကစားပုံကို ကျွန်တော် မြင်လိုက်ချိန်မှာလည်း ချီးကျူးမိပါတယ်။ နောက်ဆုံးမှာ ဘောလုံးက ဖျော်ဖြေရေးဆိုပေမယ့် အလုပ်တစ်ခုလည်း ဖြစ်ပြီး အာဆင်နယ်က သူတို့ အလုပ် သူတို့ လုပ်သွားပါတယ်။ ဒီအချက်က ကျွန်တော့်ကို အာတီတာအပေါ် ပိုပြီး လေးစားမှုရှိအောင် လုပ်လိုက်တာပါပဲ။ ဒီလိုမျိုး လုပ်ပြီး အမှတ်ပေးဖလားတွေ ယူသွားတာ ဘယ်သူလဲသိလား? မော်ရင်ဟိုပေါ့” လို့ ပြောကြားသွားခဲ့ပါတယ်။