လီဗာပူးနောက်ခံလူ ဗန်ဒိုက်ချ်ဟာ မနေ့ညက ကစားခဲ့တဲ့ ယူနိုက်တက်နဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ အနိုင်မရရှိခဲ့တာက ရှုံးနိမ့်သွားသလိုပဲလို့ ပြောကြားခဲ့ပါတယ်။ အဆိုပါပွဲမှာ တစ်ဖက်နှစ်ဂိုးစီ သရေကျခဲ့တာဖြစ်ပြီး လီဗာပူးအသင်းဖော်တွေကိုလည်း ဗန်ဒိုက်ချ်က ပြစ်တင်ဝေဖန်ပြောကြားခဲ့ပါတယ်။
လီဗာပူးဟာ ပထမပိုင်းမှာ လူးဝစ်ဒီယက်ဇ်ရဲ့ သွင်းဂိုးနဲ့ ဦးဆောင်နိုင်ခဲ့ပေမယ့် ဒုတိယပိုင်းမှာ ဘရူနိုဖာနန်ဒက်စ်၊ ကိုဘီမိုင်နူးတို့ရဲ့ ချေပဂိုးနဲ့ ဦးဆောင်ဂိုးတွေကို ပြန်လည်ခွင့်ပြုခဲ့ပါတယ်။ အဲ့ဒီနောက် ပွဲကစားချိန်နှောင်းပိုင်းမှာ ဆာလာက ပင်နယ်တီကတစ်ဆင့် လီဗာပူးအတွက် ဦးဆောင်ဂိုး သွင်းယူပေးခဲ့တာကြောင့်သာ အိုးထရက်ဖို့ဒ်မှာ သရေတစ်မှတ် ရရှိခဲ့တာပါ။
ပွဲအပြီးမှာ ဗန်ဒိုက်ချ်က “သေချာတာကတော့ ဒီတစ်ခါလည်း ကျွန်တော်တို့ ကိုယ့်အပြစ်နဲ့ကိုယ်ပါပဲ။ ပထမပိုင်းမှာကတည်းက အနည်းဆုံး ၂-၀ ဂိုးလောက်ဖြစ်ထားရမှာပါ။ သူတို့ကို ထိန်းချုပ်နိုင်ခဲ့ပြီး ဒါက ရှက်စရာပါပဲ။ အခု တစ်မှတ်ဆိုတဲ့အနေအထားက ရှုံးသွားသလိုကို ခံစားနေရပါတယ်။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့က အဆုံးအဖြတ်ဖြစ်စေမယ့် အခွင့်အရေးတွေကို ဖြုန်းတီးပစ်ခဲ့လို့ပါ”
“ကံဆိုးစွာနဲ့ပဲ တစ်ဦးချင်းအမှားတွေ ကျူးလွန်ခဲ့ကြပါတယ်။ ဒါပေမယ့်လည်း ကျွန်တော်တို့မှာ ကြိုးစားဖို့ အချိန်အများကြီး ကျန်ပါသေးတယ်။ ကျွန်တော်တို့ စိတ်လောနေခဲ့ကြတယ်၊ ဘောလုံးတွေ ဆုံးရှုံးခဲ့ပြီး ကွင်းလယ်မှာလည်း ပြိုင်ဘက်ကို အရေးနိမ့်ခဲ့တာတွေရှိပါတယ်။ ရှုံးသွားသလိုပါပဲဗျာ” လို့ ပြောကြားသွားခဲ့ပါတယ်။
လီဗာပူးဟာ ဒီရလဒ်ကြောင့် ပရီးမီးယားလိဂ် အမှတ်ပေးဇယား ဦးဆောင်ခွင့်ကို ဆုံးရှုံးလိုက်ရပြီဖြစ်ပါတယ်။ အာဆင်နယ်က လီဗာပူးနဲ့ ရမှတ်တူ ဂိုးကွာခြားချက်အသာနဲ့ အမှတ်ပေးဇယားကို တစ်ကျော့ပြန် ဦးဆောင်လိုက်တာဖြစ်ပြီး မန်စီးတီးကတော့ သူတို့နှစ်သင်းနောက်ကနေ (၁) မှတ်အကွာနဲ့ လိုက်လံဖိအားပေးနေပါတယ်။