ယူနိုက်တက်နည်းပြ တန်ဟက်ခ်က သူ့အသင်းကို ဒဏ်ရာပြဿနာတွေနဲ့ ရုန်းကန်နေရတဲ့အပေါ် ငြီးတွားပြောဆိုသွားခဲ့ပါတယ်။ လက်ရှိမှာလည်း ယူနိုက်တက်က အဓိက,ကစားသမား အများအပြား ဒဏ်ရာပြဿနာတွေနဲ့ ရင်ဆိုင်နေရတာပါ။
ပြီးခဲ့တဲ့နွေရာသီမှာ ချဲလ်ဆီးကနေ ခေါ်ယူထားတဲ့ မေဆင်မောင့် တစ်ရာသီလုံး ဒဏ်ရာပြဿနာတွေနဲ့ ရုန်းကန်နေရပြီး (၁၀) ပွဲပြည့်အောင်တောင် မကစားရသေးပါဘူး။ ဒါ့အပြင် နောက်တန်းမှာလည်း မာတီနက်ဇ်၊ လင်ဒီလော့ဖ်တို့လို ကစားသမားတွေက ဒဏ်ရာကြောင့် အနားယူနေရပါတယ်။
ဒီလိုမျိုး စီနီယာနောက်ခံလူတွေ ဒဏ်ရာရနေတဲ့ အနေအထားမျိုးမှာ လူငယ်ကစားသမားလေး ကမ်ဝါလာကလည်း လက်ရှိအချိန်မှာ ကြံ့ခိုင်မှုပြဿနာနဲ ရုန်းကန်နေရပါတယ်။ အဲ့ဒါကြောင့်လည်း ယူနိုက်တက်တို့ ကိုဗင်ထရီနဲ့ အက်ဖ်အေဖလား ဆီမီးဖိုင်နယ်ပွဲအတွက် နောက်တန်းမှာ မက်ဂွိုင်းရားနဲ့ ကက်စ်မဲရိုးကို တွဲပေးရဖွယ်ရှိပါတယ်။
တန်ဟက်ခ်ကလည်း “ဝေဖန်မှုတွေက ကျွန်တော့်ကို မစိုးရိမ်စေပါဘူး။ ကျွန်တော့်ကို စိုးရိမ်စေတဲ့ အရာက တစ်နှစ်ခွဲအတွင်းမှာ ကျွန်တော့်အတွက် အကောင်းဆုံးလူစာရင်းကို တစ်ခါပဲ ပွဲထုတ်နိုင်သေးတာပါ။ ဒဏ်ရာပြဿနာတွေက ဘောလုံးလောကမှာ သာမန်ပါပဲ။ ဒါပေမယ့် ကျွန်တော့်ဆီမှာတော့ များလွန်းအားကြီးပါတယ်”
“ဒါက ကျွန်တော့်အတွက် အမှန်တရားပါ။ အခြားလူတွေကတော့ မတူညီတဲ့ ရှုထောင့်ကနေ မြင်နိုင်ပါတယ်။ ဒီအပေါ်မှာတော့ ကျွန်တော် ဘာမှလိုက်မလုပ်ပေးနိုင်ပါဘူး။ ကျွန်တော့်အနေနဲ့ ဒါကို လက်တွေ့ကျကျပဲ မြင်ရမှာပါ” လို့ ပြောကြားသွားခဲ့ပါတယ်။