နှစ်ဂိုးစီ သရေကျခဲ့ကြတာပါ။

မနေ့ညက ကစားခဲ့တဲ့ ဘိုင်ယန်မြူးနစ်နဲ့ ရီးရဲလ်မက်ဒရစ်တို့ရဲ့ ချန်ပီယံလိဂ်ဗိုလ်လုပွဲမှာတော့ တစ်ဖက်နှစ်ဂိုးစီ သရေရလဒ် ထွက်ပေါ်ခဲ့ပါတယ်။ အကြိတ်အနယ်ရှိခဲ့တဲ့ ပွဲကောင်းတစ်ပွဲဖြစ်ခဲ့ပြီး အပြန်အလှန်သွင်းဂိုးတွေပါ မြင်တွေ့ခဲ့ရတာပါ။



ပထမပိုင်းမှာ ဗီနီရှပ်စ်က တိုနီကရူးစ်ရဲ့ အကွက်မြင်မြင် ဖန်တီးပေးမှုကတစ်ဆင့် ရီးရဲလ်မက်ဒရစ်အတွက် ဦးဆောင်ဂိုး သွင်းယူပေးခဲ့ပါတယ်။ ဒီမတိုင်ခင်မှာ ဘိုင်ယန်မြူးနစ်တို့ ဂိုးကန်သွင်းခွင့် အကြိမ်ကြိမ်ရခဲ့ပေမယ့် လူနင်လက်စွမ်းပြတာရယ်၊ ကစားသမားတွေ အသုံးမချနိုင်တာရယ်ကြောင့် နစ်နာခဲ့ရပါတယ်။

အဲ့ဒီနောက် ဒုတိယပိုင်းမှာတော့ ဆာနေးနဲ့ ဟယ်ရီကိန်းက ပင်နယ်တီကတစ်ဆင့် ချေပဂိုးနဲ့ ဦးဆောင်ဂိုးတွေ ပြန်သွင်းပေးခဲ့ပါတယ်။ ရီးရဲလ်မက်ဒရစ်တို့ အဝေးကွင်းမှာ ရှုံးပွဲကြုံတော့မယ်လို့ ထင်နေခဲ့ကြပေမယ့် မိနစ် (၈၀) နောက်ပိုင်းမှာတော့ ချေပဂိုး ပြန်လည်း ရရှိခဲ့ပါတယ်။

ကင်မင်ဂျေးက ရိုဒရီဂိုကို ပင်နယ်တီဧရိယာထဲမှာ ပြစ်ဒဏ်ကျူးလွန်ခဲ့တာကြောင့် ပင်နယ်တီရခဲ့တာပါ။ ဒီပင်နယ်တီကို ဗီနီရှပ်စ်က အမှားအယွင်းမရှိ ကန်သွင်းပြီး ရီးရဲလ်မက်ဒရစ်တို့ ဒုတိယအကျော့အတွက် အခြေအနေကောင်းကို ပိုင်ဆိုင်သွားခဲ့ပါတယ်။

ဒီပွဲမှာ ကင်မင်ဂျေးကတော့ ဘိုင်ယန်မြူးနစ်တို့ ပေးလိုက်ရတဲ့ နှစ်ဂိုးစလုံးအတွက် တရားခံဖြစ်ခဲ့ရပါတယ်။ ပထမဂိုးမှာလည်း ဗီနီရှပ်စ်က သူ့ကို ကျော်ပြေးခဲ့တာဖြစ်ပြီး ဒုတိယဂိုးမှာလည်း ကင်မင်ဂျေးကြောင့်ပဲ ဘိုင်ယန်မြူးနစ်တို့ ပေးလိုက်ရတာဖြစ်ပါတယ်။

Share

Loading Next Article...
က္က