ဟယ်ရီကိန်းကို ထုတ်ပြီးနောက် ရှုံးသွားခဲ့တာပါ။

မနေ့ညက ကစားခဲ့တဲ့ ရီးရဲလ်မက်ဒရစ်နဲ့ ဘိုင်ယန်မြူးနစ်တို့ရဲ့ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်ပွဲမှာ တူဟယ်လ်က သူ့ရဲ့ လူစားလဲမှုတွေကို ကာကွယ်ပြောကြားခဲ့ပါတယ်။ ဒီပွဲမှာ ဘိုင်ယန်က ၀-၁ ဂိုးနဲ့ အရင် ဦးဆောင်ခဲ့တာပါ။



ဒါပေမယ့် ပွဲကစားချိန် (၈၇) မိနစ်နဲ့ မိနစ် (၉၀) တို့မှာ ဟိုဆေးလူက ရီးရဲလ်အတွက် နှစ်ဂိုးဆက်တိုက် သွင်းခဲ့ပြီး ဘိုင်ယန်ကို အသည်းခွဲခဲ့ပါတယ်။ ဒါ့အပြင် ဒီဂိုးတွေ မပေးရခင်မှာ တူဟယ်လ်က ဟယ်ရီကိန်း၊ မူဆီအာလာတို့လို ကစားသမားတွေကို လူစားလဲပစ်ခဲ့ပါတယ်။

ဟယ်ရီကိန်းကို လူစားလဲခဲ့တဲ့အပေါ် အင်္ဂလန်ကွင်းလယ်လူဟောင်းတွေဖြစ်တဲ့ ပေါလ်စခိုးလ်၊ ဟားဂရေ့ဗ်တို့က ဝေဖန်ခဲ့ကြပါတယ်။ တူဟယ်လ်ကတော့ ပွဲအပြီးမှာ “ဟယ်ရီကိန်းက နောက်ကျောဒဏ်ရာရှိနေပါတယ်။ သူ အဲ့ဒီထက် ပိုပြီး ကစားဖို့ မဖြစ်နိုင်ခဲ့ပါဘူး” လို့ ပြောကြားသွားခဲ့ပါတယ်။

ဆက်လက်ပြီးတော့လည်း တူဟယ်လ်က “ကျွန်တော်တို့မှာ ရှိတဲ့ တိုက်စစ်ကစားသမား လေးယောက်က ဒဏ်ရာတွေ၊ နာကျင်မှုတွေနဲ့ ကစားခဲ့ရတာပါ။ သူတို့အားလုံးကလည်း ဒီပွဲကို ကစားမယ်လို့ ပြောခဲ့ကြပါတယ်။ တကယ်ကို နာကျင်ရတဲ့ပွဲတစ်ပွဲပါ။ သူတို့လည်း ဒဏ်ရာပြန်သက်သာဖို့ အချိန်ယူရမှာပါ” လို့ ပြောကြားသွားခဲ့ပါတယ်။

ဟယ်ရီကိန်းဟာ ဒီပွဲမှာ လူစားလဲခံလိုက်ရတဲ့အပြင် သူ့ရဲ့ ဆုဖလားကျိန်စာသင့်မှုကလည်း ရှေ့ဆက်ခဲ့ပြန်ပါတယ်။ ဘိုင်ယန်မြူးနစ်ဟာ ဒီရာသီမှာ အဓိကဆုဖလားတစ်လုံးမှ မရရှိဘဲ ဖလားလက်မဲ့ရာသီတစ်ခုအဖြစ် ဖြတ်သန်းရတော့မှာလည်း ဖြစ်ပါတယ်။

Share

Loading Next Article...
က္က