ယူနိုက်တက်နည်းပြ တန်ဟက်ခ်ကတော့ သူ့ကို ဝေဖန်နေတဲ့သူတွေဟာ ဘောလုံးနဲ့ပတ်သက်လို့ ဘာဗဟုသုတမှမရှိတဲ့သူတွေလို့ ဝေဖန်ပြောကြားလိုက်ပါတယ်။ ယူနိုက်တက်ဟာ နောက်ဆုံးကစားထားတဲ့ ခရစ္စတယ်ပဲလေ့စ်နဲ့ပွဲမှာ လေးဂိုးပြတ်နဲ့ ရှုံးနိမ့်ခဲ့တာပါ။
အဲ့ဒီပွဲအပြီးမှာ ယူနိုက်တက်နည်းပြ တန်ဟက်ခ်အပါအဝင် ကစားသမားတွေကို ပြင်းပြင်းထန်ထန် ဝေဖန်မှုတွေရှိနေတာပါ။ ဒီနေ့ညမှာလည်း ယူနိုက်တက်က အာဆင်နယ်နဲ့ ပရီးမီးယားလိဂ် အိမ်ကွင်းပွဲကျပ်တစ်ပွဲကို ရင်ဆိုင်ရဦးမှာဖြစ်ပါတယ်။
ဒီပွဲမတိုင်ခင်မှာ တန်ဟက်ခ်က “ပရိသတ်တွေက စိတ်ရှည်သည်းခံတယ်လို့ ကျွန်တော်ထင်ပါတယ်။ ခင်ဗျားတို့လည်း ဒါကို တနင်္လာနေ့က မြင်မှာပါ။ ဒါပေမယ့် ပရိသတ်တွေထဲကမဟုတ်တဲ့ အချို့ရဲ့ မှတ်ချက်တွေကို ကျွန်တော် တွေ့လိုက်ပါတယ်။ သူတို့ကတော့ ဘောလုံးနဲ့ပတ်သက်လို့ ဘာဗဟုသုတမှ မရှိတဲ့သူတွေပါ”
“နောက်ပြီး အသင်းတစ်သင်းကို ဘယ်လိုစီမံခန့်ခွဲရမယ်ဆိုတာကိုလည်း မသိတဲ့သူတွေပါ။ ဘာတွေဖြစ်နေလဲဆိုတာလည်း သူတို့မသိပါဘူး။ ဒါပေမယ့် ကျွန်တော်တို့ရဲ့ ပြဿနာတွေကို သိတဲ့သူတွေ အများကြီးရှိတယ်လို့ ကျွန်တော်ထင်ပါတယ်။ သူတို့ကတော့ စိတ်ရှည်ကြပါတယ်” လို့ ပြောကြားသွားခဲ့ပါတယ်။
ယူနိုက်တက်ဟာ လက်ရှိမှာ ဥရောပဝင်ခွင့်အတွက်တောင် မရေမရာဖြစ်သွားတဲ့ အနေအထားကို ရောက်သွားခဲ့ပါတယ်။ တစ်ရာသီလုံး အခြေအနေဆိုးနေတဲ့ ချဲလ်ဆီးတောင်မှ လက်ရှိအချိန်မှာ ယူနိုက်တက်ကို ကျော်တက်သွားခဲ့ပြီး တန်ဟက်ခ်အတွက်လည်း သူ့နည်းပြရာထူးအတွက် ဖိအားများလာပါတယ်။