အာဆင်နယ်နဲ့ပွဲအပြီးမှာ ပြောခဲ့တာပါ။

ယူနိုက်တက်နည်းပြ တန်ဟက်ခ်က သူ့အသင်းမှာ ဒဏ်ရာရတဲ့ ကစားသမားတွေသာ အခုလိုမများပြားနေရင် အသင်းအနေနဲ့ အခုထက် ရမှတ်တွေ ပိုမိုရရှိမှာဖြစ်ကြောင်း ပြောကြားလိုက်ပါတယ်။ မနေ့ညကလည်း ယူနိုက်တက်တို့ အာဆင်နယ်ကို အိမ်ကွင်းမှာ ၀-၁ ဂိုးနဲ့ ရှုံးနိမ့်ခဲ့တာပါ။



ဒါဟာ သူတို့အတွက် ဒီရာသီမှာ (၁၄) ပွဲမြောက် ပရီးမီးယားလိဂ်ရှုံးပွဲဖြစ်ခဲ့ပါတယ်။ ဒါ့အပြင် အသင်းဟာ နှစ်ပေါင်း (၃၀) အတွင်း အဆိုးရွားဆုံး ရာသီတစ်ခုကို ရောက်ရှိဖို့ ဦးတည်သွားခဲ့ပါပြီ။

ယူနိုက်တက်ဟာ မနေ့ညကလည်း နောက်တန်းမှာ ကက်စ်မဲရိုးနဲ့ အီဗန်စ်တို့ကို တွဲဖက်ပွဲထုတ်ခဲ့ရပြီး ဒါဟာ ဒဏ်ရာပြဿနာတွေများပြားနေတဲ့ အကျိုးဆက်လည်း ဖြစ်ခဲ့ပါတယ်။ ပွဲအပြီးမှာ တန်ဟက်ခ်က “သနားဖို့ကောင်းပါတယ်။ ကျွန်တော်တို့မှာသာ အင်အားပြည့်ရှိရင် အာဆင်နယ်နဲ့ ကွာခြားချက်ကြီးမားမလား ဆိုတဲ့ မေးခွန်းကို ကျွန်တော် မဖြေနိုင်ပါဘူး”

“ဘာကြောင့်လဲဆိုတော့ ကျွန်တော့်မှာ လက်ရှိအချိန် ဒီလိုမျိုး ကစားသမား အင်အားအပြည့် မရှိလို့ပါ။ ကျွန်တော်တို့မှာ ဒီပြဿနာတွေရှိနေပြီး အခု ပြဿနာတွေက ရလဒ်ကို အကျိုးသက်ရောက်မှုရှိစေပါတယ်။ ဒါပေမယ့်လည်း ဒီကစားသမားတွေ ကစားနိုင်ရင်ရော ကျွန်တော်တို့ ဘယ်နေရာမှာ ရှိမယ် မသိပါဘူး”​

“ဒါပေမယ့် ဒဏ်ရာရတဲ့ ကစားသမားတွေသာ မများပြားနေရင် ကျွန်တော်တို့ အမှတ်တွေ ပိုရမယ်၊ နောက်တန်းကလည်း ပိုပြီး တည်ငြိမ်ပါလိမ့်မယ်” လို့ ပြောကြားသွားခဲ့ပါတယ်။ ယူနိုက်တက်ဟာ လက်ရှိ အဆင့် (၈) နေရာမှာရှိနေပြီး ဥရောပဝင်ခွင့်အတွက်ပါ မသေချာတဲ့ အနေအထားကို ရောက်ရှိနေပါတယ်။

Share

Loading Next Article...
က္က