လီဗာပူးနောက်ခံလူ ဗန်ဒိုက်ချ်ကတော့ သူတို့အတွက် ဘောလုံးရာသီတစ်ခု ပြီးဆုံးသွားပြီဖြစ်တာကြောင့် မိုနာကို Grand Prix ကို သွားရောက် အားပေးရင်း အပန်းဖြေနေခဲ့ပါတယ်။ ဒီလိုမျိုး အပန်းဖြေနေရင်းနဲ့ပဲ လာမယ့် ယူရိုပြိုင်ပွဲအတွက် သူ့ရဲ့ အမြင်၊ ယူဆချက်တွေကို ပြောကြားခဲ့ပါတယ်။
ဇွန်လထဲမှာ ယူရို - ၂၀၂၄ ပြိုင်ပွဲကြီးကို ကျင်းပတော့မှာဖြစ်ပြီး ဂျာမနီနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပသွားမှာပါ။ ဒီပြိုင်ပွဲကြီးမှာ အင်္ဂလန်က ဗိုလ်စွဲဖို့ ရေပန်းစားတဲ့ အသင်းတွေထဲက တစ်သင်းအဖြစ် ပါဝင်နေပါတယ်။
ဒါနဲ့ ပတ်သက်လို့ ဗန်ဒိုက်ချ်ကို မေးမြန်းခဲ့ရာမှာ ဗန်ဒိုက်ချ်က “သူတို့က ရေပန်းစားလို့လား?” လို့ ပြန်လည်မေးခွန်းထုတ်သွားခဲ့ပါတယ်။ ဒါပေမယ့်လည်း ဆက်လက်ပြီးတော့ ဗန်ဒိုက်ချ်က အင်္ဂလန်မှာ တောင့်တင်းတဲ့ လူစာရင်းရှိကြောင်း ပြောကြားပြီး ပြင်သစ်အကြောင်းကိုပါ ပြောခဲ့ပါတယ်။
နယ်သာလန်နောက်ခံလူဗန်ဒိုက်ချ်က “အင်္ဂလန်မှာက အရမ်းအရမ်းကိုကောင်းတဲ့ လူစာရင်းရှိပါတယ်။ ပြင်သစ်ကလည်း အရမ်း တောင့်တင်းပါတယ်” လို့ ပြောကြားသွားခဲ့ပါတယ်။ အင်္ဂလန်ဟာ နောက်ဆုံး ယူရိုပြိုင်ပွဲမှာ ဗိုလ်လုပွဲအဆင့်အထိ တက်ရောက်နိုင်ခဲ့တဲ့ အသင်းပါ။
ဗိုလ်လုပွဲမှာတော့ အီတလီကို ပင်နယ်တီ အဆုံးအဖြတ်နဲ့ အရေးနိမ့်ခဲ့ပါတယ်။ အဲ့ဒါကြောင့်လည်း (၁၉၆၆) နောက်ပိုင်း အဓိက ဆုဖလားတွေနဲ့ လွဲချော်နေတဲ့ ကျိန်စာကို အင်္ဂလန်တို့ အဆုံးမသတ်နိုင်သေးပါဘူး။