ယူနိုက်တက်နည်းပြ တန်ဟက်ခ်က သူ့အနေနဲ့ အင်္ဂလိပ်ဘောလုံးလောကမှာ ဂွါဒီယိုလာပြီးရင် အကောင်းဆုံးနည်းပြဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။ တန်ဟက်ခ်ရဲ့ ယူနိုက်တက်က ပြီးခဲ့တဲ့ရာသီမှာ မန်စီးတီးကိုနိုင်ပြီး အက်ဖ်အေဖလား ချန်ပီယံဖြစ်ခဲ့တာပါ။
ဒါ့အပြင် တန်ဟက်ခ် လက်ထက် ယူနိုက်တက်က နှစ်ရာသီဆက်တိုက် တစ်ရာသီကို ဖလားတစ်လုံး ရရှိခဲ့ပါတယ်။ ပထမရာသီမှာ တန်ဟက်ခ်က ယူနိုက်တက်အတွက် ကာရာဘောင်ဖလား ရယူပေးခဲ့ပြီး ပြီးခဲ့တဲ့ ဒုတိယရာသီမှာတော့ အက်ဖ်အေဖလား ရရှိခဲ့တာပါ။
တန်ဟက်ခ်က “ကျနော်က အက်ဖ်အေဖလားရပြီးတဲ့နောက်မှာ ပိုမိုသန်မာလာပါတယ်။ အသင်းက ကျနော် မရောက်ခင် (၆) နှစ်လောက်ကတည်းက ဆုဖလားမရခဲ့တာပါ။ ဒီနှစ်နှစ်အတွင်း ဂွါဒီယိုလာပြီးရင် ကျနော့်အသင်းက အင်္ဂလိပ်ဘောလုံးလောကမှာ ဆုဖလား အများဆုံးရခဲ့ပါတယ်။ ဒီတော့ ကျနော်တို့က တောင့်တင်းတဲ့ အနေအထားမှာရှိပါတယ်”
“ခင်ဗျားတို့ ကြည့်လိုက်စမ်းပါ။ ကျနော်တို့က ပြိုင်ဘက်တိုင်းကို အနိုင်ကစားနိုင်ပါတယ်။ တစ်ကြိမ်တည်း မဟုတ်ပါဘူး။ မန်စီးတီးတို့၊ လီဗာပူးတို့ကို တစ်ကြိမ်ထက် ပိုပြီး ယှဉ်ကစားပြခဲ့ပါတယ်” လို့ ပြောကြားသွားခဲ့ပါတယ်။