ယူနိုက်တက်ဂန္တဝင် ကစားသမားဟောင်း ဂယ်ရီနဗီးလ်က သူ့ရဲ့ ဘဝတစ်လျှောက် အခြားသော နည်းပြတစ်ယောက်ယောက်ကို ရာထူးကနေ အထုတ်ခံရပါစေဆိုပြီး မပြောဆိုခဲ့ဖူးကြောင်း ဖွင့်ဟလာပါတယ်။ နဗီးလ်ဟာ ကစားသမားဘဝက အနားယူပြီးနောက် နည်းပြလည်း လုပ်ခဲ့ပါသေးတယ်။
ဒါပေမယ့် ဗလင်စီယာနည်းပြဘဝမှာ ဆိုးဆိုးရွားရွား ကျရှုံးခဲ့တဲ့နောက်ပိုင်း နဗီးလ်က ဘောလုံးရုပ်သံ ဝေဖန်သုံးသပ်သူအဖြစ်သာ ဆောင်ရွက်တော့တာပါ။ ဒီလိုမျိုး ဆောင်ရွက်ခဲ့တဲ့တစ်လျှောက်လုံး သူ့ရဲ့ ဝေဖန်မှုတွေက ပြင်းထန်ပြီး ပရိသတ်တွေအကြားမှာ မကြာခဏ ပြောစမှတ် တွင်စရာဖြစ်ခဲ့ပါတယ်။
ဒီလိုမျိုးတွေဖြစ်ခဲ့ပေမယ့် နဗီးလ်ကတော့ “ကျနော် ပြောနိုင်တာ တစ်ခုက ဒီနည်းပြက ဖိအားတွေအောက် ရောက်နေပြီ၊ အသင်းက ကစားပုံမကောင်းတော့ဘူး.. ကျနော်တို့ ပြောနိုင်တာက ဒါတွေအကုန်ပါပဲ။ ဒါပေမယ့် ဒီနည်းပြက အသင်းကနေ ထွက်သင့်နေပြီ၊ အထုတ်ခံရသင့်ပြီဆိုပြီး တစ်ခါမှမပြောဖူးပါဘူး”
“လူတွေက ဒါမျိုး ပြောတာကို လိုချင်ကြတာပါ။ ဒါပေမယ့် ကျနော် ဒါမျိုး တစ်ခါမှမလုပ်ခဲ့ဖူးပါဘူး။ လွန်ခဲ့တဲ့ (၁၃) နှစ် ကျနော် စကိုင်းစပေါ့ကို စရောက်ကတည်းက ကျနော့်မှာ ဒီစည်းမျဉ်းထားခဲ့တာပါ။ ဘယ်တော့မှ နည်းပြတစ်ယောက်ကို ထုတ်ပယ်ဖို့ မပြောဘူးဆိုပြီးတော့ပေါ့” လို့ ပြောကြားသွားခဲ့ပါတယ်။