ယူနိုက်တက်နည်းပြ တန်ဟက်ခ်က ရာသီကြိုခြေစမ်းပွဲတွေမှာ အသင်းအတွက် ခြေစွမ်းပြခဲ့တဲ့ နောက်ခံလူ ဟယ်ရီအာမက်စ်ကို အခွင့်အရေးပေးသွားဖို့ စီစဉ်ထားကြောင်း သိရှိရပါတယ်။ ယူနိုက်တက်ရဲ့ နွေရာသီခြေစမ်းပွဲစဉ်တွေက ပြီးဆုံးသွားပါပြီ။
ဒီခြေစမ်းပွဲတွေမှာ အကယ်ဒမီက ဟယ်ရီအာမက်စ်၊ ဘန်းနက်၊ ကိုလ်ရာနဲ့ ဝှိုက်ဒ်လေတို့က တန်ဟက်ခ်အတွက် စိတ်တိုင်းကျစရာ ခြေစွမ်းကို ပြသခဲ့ပါတယ်။ ဒီအထဲမှာတော့ အာမက်စ်က အသင်းကြီးမှာ အခွင့်အရေးရလာဖို့ ရှိပါတယ်။
ကွင်းလယ်လူ ကိုလ်ရာကိုတော့ ပိုမိုတိုးတက်လာဖို့အတွက် အခြားသော အသင်းတစ်သင်းကို အငှားချသွားဖို့ စီစဉ်ထားပါတယ်။ သတင်းတွေရဲ့ဖော်ပြချက်အရ နောက်ခံအစွန်လူ အာမက်စ်ဟာ လုခ်ရှော၊ မာလာစီယာတို့ရဲ့ ဒဏ်ရာပြဿနာတွေကြောင့် အသင်းကြီးလူစာရင်းမှာ ပါဝင်ခွင့်ရဖွယ်ရှိပါတယ်။
ယူနိုက်တက်ဟာ ကစားပြီးသွားတဲ့ ရာသီကြိုခြေစမ်းပွဲ (၅) ပွဲမှာ (၃) ပွဲအထိ ရှုံးနိမ့်ခဲ့ပါတယ်။ ရိုဆင်ဘော့ကို ရှုံးနိမ့်ခဲ့သလို ပရီးမီးယားလိဂ်နှစ်သင်းဖြစ်တဲ့ အာဆင်နယ်၊ လီဗာပူးတို့ကို ရှုံးနိမ့်ခဲ့ပြီး ရိန်းဂျားစ်နဲ့ ဘက်တစ်တို့ကိုသာ အနိုင်ရရှိခဲ့တာပါ။