နူးညံ့ပြီး Quality ကောင်းတဲ့ အိမ်လုပ်ပေါင်မုန့်တွေကြောင့် လူကြိုက်များတဲ့ "ရန်ကုန်ပေါင်မုန့်ဆိုင်" လေးပါ။ ဆိုင်ရှေ့ကို ဖြတ်လိုက်တာနဲ့ ပေါင်မုန့်အနံ့မွှေးမွှေးလေးက ဆွဲဆောင်နေတာကြောင့် ကြည့်မြင့်တိုင် ညဈေးတခွင် နာမည်ကြီးတဲ့ ပေါင်မုန့်ဆိုင်လေးဖြစ်ပါတယ်။
ရန်ကုန်ပေါင်မုန့်ဆိုင်လေးရဲ့ အစ
ဆိုင်ရှင် ဇနီးမောင်နှံ နှစ်ဦးဟာ ကြည့်မြင့်တိုင် ဗိုလ်သူရလမ်းမပေါ်မှာ အရင်က လက်ဖက်ရည်ဆိုင်ရှင်တွေ ဖြစ်ကြပြီး ပေါင်မုန့်လုပ်ရတာကို ဝါသနာပါသူတွေ ဖြစ်ကြပါတယ်။ ပေါင်မုန့်လုပ်နည်းတွေကို အင်တာနက်ကတစ်ဆင့်လေ့လာခဲ့ပြီး Second hand မုန့်ဖုတ်စက်လေးကို ဝယ်ယူပြီးတော့ တပိုင်တနိုင်ပေါင်မုန့်ရောင်းတဲ့လုပ်ငန်းလေး စတင်ခဲ့ပါတယ်။
“ ပေါင်မုန့်ဖုတ်တာကို သင်တန်းတွေ ဘာတွေလည်း မတတ်ဘူး။ အစကတည်းက ဝါသနာပါတယ်။ အွန်လိုင်းကနေ လိုက်လေ့လာတယ်။ အဲဒါနဲ့ ဒီလုပ်ငန်းလေးစမယ်ဆိုပြီးတော့ second hand မုန့်ဖုတ်စက်လေး ဝယ်ပြီးလုပ်တာပေါ့။ စစချင်းတော့ သိပ်မလုပ်တတ်ဘူး။ ပေါင်မုန့်တွေ အောက်ကတူးတယ်။ ဒါပေမယ့်လည်း ကြည့်မြင့်တိုင် သူ/ သားတွေက ဒီပေါင်မုန့်လေးကို အားပေးကြတယ်။ အဲဒါနဲ့ လုပ်ရင်းနဲ့ တဖြည်းဖြည်း လက်ရည်တက်လာတာပေါ့” လို့ ရန်ကုန်ပေါင်မုန့်ဆိုင်ရှင် ဒေါ်ခင်စိန်ဝင်းကဆိုပါတယ်။
နူးညံ့တဲ့ပေါင်မုန့်သားနဲ့ အရသာကောင်းလို့ လူကြိုက်များတဲ့ Home Made ပေါင်မုန့်
ရန်ကုန်ပေါင်မုန့်ဆိုင်က ပေါင်မုန့်သားလေးတွေက စားလိုက်တာနဲ့ နူးညံ့အိစက်နေပြီး လက်ဖက်ရည်၊ကော်ဖီတွေနဲ့ စိမ်စားတဲ့အခါ ပေါင်မုန့်သားလေးက မလိုင်လေးလို ဖြစ်သွားတယ်လို့ စားဖူးသူတစ်ချို့က ဆိုကြပါတယ်။ Home made ပေါင်မုန့်ဆိုပေမယ့်လည်း ပေါင်မုန့်သားနဲ့ အရသာက နိုင်ငံခြားဖြစ် ပေါင်မုန့်တွေနဲ့တောင် ရင်ဘောင်တန်းနိုင်တဲ့ ပေါင်မုန့်လို့ဆိုရမှာပါ။
“ စားတဲ့သူတွေက ပေါင်မုန့်အသားလေးက အရမ်းနူးညံ့တယ်လို့ ပြောကြတယ်။ အစ်မတို့ဆိုင်က ပေါင်မုန့်တွေက ကော်ဖီ၊ လက်ဖက်ရည်တို့နဲ့ တို့စားလိုက်ရင် ပေါင်မုန့်အဖတ်က ပြုတ်မကျသွားဘဲ မလိုင်လေးအတိုင်းဖြစ်နေတာ။ မုန့်ကလည်း အရမ်းမွှေးနေတော့ ဖြတ်သွားတဲ့သူတိုင်း သတိထားမိကြတယ်။ ကိုဗစ်အချိန်မှာ စပြီးပိုသိသွားကြတာ။ ညဈေးထဲမှာ ရောင်းတော့ ပေါင်မုန့်အနံ့လေးမွှေးတော့ ဒီမုန့်လေးက ဘယ်ကလဲပေါ့။ ညဈေးဘယ်နားမှာဆိုလဲဆိုပြီး တစ်ဆင့်စကားတစ်ဆင့်ကြားပြီးတော့ လူတွေက လာအားပေးကြတာ။ ပေါင်မုန့်လေးကို ကြည့်မြင့်တိုင်သူ/သားတွေက စပြီးအားပေးခဲ့တဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်” လို့ ဆိုင်ရှင်က ဆိုပါတယ်။
ဧည့်သည်တွေကို အမှတ်အသားတစ်ခုအနေနဲ့ လက်ဆောင်ပေးကြတဲ့ ရန်ကုန်ပေါင်မုန့်
ရန်ကုန်ပေါင်မုန့်ဆိုင်က ပေါင်မုန့်တွေကို စားဖူးသူတိုင်း ကြိုက်နှစ်သက်ကြလို့ အသိမိတ်ဆွေအချင်းချင်း လက်ဆောင်ပြန်ပေးလေ့ရှိကြတယ်လို့ ဆိုင်ရှင်ကဆိုပါတယ်။ စားဖူးသူတွေဆို အမေရိကားကနေတောင် လှမ်းပြီး ဒီမုန့်လေးတွေကို မှာလေ့ရှိကြတယ်လို့ဆိုပါတယ်။ ဒါကြောင့်မိုလည်း ရန်ကုန်မြို့မှာ ဒီလို ပေါင်မုန့်ကောင်းကောင်းလေးအရသာကို ရှိတယ်ဆိုတာကို သိစေချင်တဲ့အတွက် ရန်ကုန်ပေါင်မုန့်ဆိုင်လေး လို့ နာမည်ပေးခဲ့တာလို့ ဆိုင်ရှင်က ဆိုပါတယ်။
“ စားနေကျဧည့်သည်တယောက်ဆို လာပြောပြတယ် သူ့တူက ကိုဗစ်ဖြစ်တဲ့အချိန်မှာ ဒီပေါင်မုန့်ကို အရမ်းစားချင်တာလို့ပြောတယ်။ အစ်မတို့က အဲ့ဒီတုန်းက ခဏပိတ်ထားတော့ လူနာက မစားလိုက်ရဘူး။ သူက ကိုဗစ်ကြောင့် ဆုံးသွားတယ်လို့ပြောတယ်။ အစ်မတို့ ပေါင်မုန့်လေး မစားလိုက်ရတော့ အစ်မတို့လည်း အရမ်းကိုစိတ်မကောင်းဖြစ်သွားတာ။ အဲဒါနဲ့ ကိုဗစ်အချိန်မှာ လူတွေ ထွက်မရတဲ့အချိန် အစ်မတို့ ပေါင်မုန့်လေးကို စားချင်တဲ့သူတွေကို Delivery ရောက်အောင်ပို့ပေးခဲ့တယ်။ ပေါင်မုန့်ကို စားဖူးသူတွေက တခြားမြို့ တွေကိုသွားရင် သူတို့ရဲ့ မိတ်ဆွေ၊ ဆွေမျိုး တွေအတွက် ဝယ်သွားပေးတာ။ အဲဒါ စားဖူးသွားတဲ့သူတွေက အစ်မတို့ပေါင်မုန့် အိတ်မှာပါတဲ့ ဖုန်းကို ဆက်ပြီး တကူးတကကို ထပ်မှားစားကြတယ်။ တစ်ခါတုန်းက အမေရိကားကနေတောင် ဒီမုန့်ကို စားချင်လို့ဆိုပြီး လှမ်းမှာတယ်။ အစ်မတို့ကလည်း မြန်မာနိုင်ငံမှာ ဒီလို ကွာလတီမျိုးရှိပါလားဆိုတာကို သိစေချင်ပါတယ်” လို့ ဆိုင်ရှင် ဒေါ်ခင်စိန်ဝင်းကဆိုပါတယ်။
မိသားစုတပိုင်တနိုင်လုပ်ငန်းလေးဖြစ်တဲ့ ရန်ကုန်ပေါင်မုန့်
ရန်ကုန်ပေါင်မုန့်ဆိုင်လေးဟာ Homemade လုပ်ငန်းလေးဖြစ်တာကြောင့် တပိုင်တနိုင်လုပ်ငန်းငယ်လေးပဲဖြစ်ပါတယ်။ ဆိုင်ရှင် ဇနီးမောင်နှံမှာ လည်း ဆယ်ကျော်သက်အရွယ် သမီးလေးနှစ်ယောက်ရှိပြီး သူတို့ကလည်း ပေါင်မုန့်တွေကို ကိုယ်တိုင် လုပ်ကြပါတယ်။ မိသားစုတစ်စုလုံး ဒီလုပ်ငန်းကို ဝိုင်းဝန်းလုပ်ကိုင်ကြပြီး တစ်နေ့ကို ပေါင်မုန့်အလုံးရေ ထောင်နဲ့ချီအောင် ရောင်းရတဲ့ စီးပွားရေးလုပ်ငန်းလေးတစ်ခုဖြစ်ပါတယ်။
ပေါင်မုန့်တွေက အနည်းဆုံး တစ်ထောင်ကျော်ကနေ အများဆုံး ၅၀၀၀ ဝန်းကျင်ထိသာရှိပြီး ဈေးနှုန်းသင့်တင်ပြီး လူတိုင်းစားနိုင်တဲ့ ဈေးလေးနဲ့ ရောင်းချပေးနေတာလည်းဖြစ်ပါတယ်။ ရန်ကုန်ပေါင်မုန့်ဆိုင်က ပေါင်မုန့်တွေကို မြည်းစမ်းချင်တယ်ဆိုရင် ကြည့်မြင့်တိုင်မြို့နယ် ညဈေးရုံ၊ မုန့်ဈေးတန်းအတွင်းမှာ တစ်ဆိုင်နဲ့ ကြည့်မြင့်တိုင်မြို့နယ် ဗိုလ်သူရလမ်းနှင့် ကျောင်းကြီးလမ်းထောင့်မှာတော့ အိမ်ဆိုင်လေးတစ်ဆိုင် စုစုပေါင်း ၂ ဆိုင်ဖွင့်လှစ်ထားတာဖြစ်ပါတယ်။ ဒါကြောင့်မို့ ပေါင်မုန့်ကြိုက်နှစ်သက်သူတွေအတွက် ပြည်တွင်းလုပ် ပေါင်မုန့်လက်ရာလေးကို မြည်းစမ်းချင်တယ်ဆိုရင်တော့ ရန်ကုန်ပေါင်မုန့်ဆိုင်လေးကို လာခဲ့ကြဖို့ ဖိတ်ခေါ်လိုက်ပါတယ်နော်။