အီလွန်မတ်စ်ကတော့ X ကို သူဖြစ်စေချင်တဲ့ ဘက်စုံသုံး everything app ဖြစ်အောင် ပြောင်းနေပါပြီ။

အစကတည်းက Twitter ကို ဒေါ်လာ ၄၄ ဘီလျံ ပေးဝယ်တာ အကြောင်းရှိပါတယ်။ ကမ္ဘာ့အချမ်းသာဆုံးသူဌေးဖြစ်လာပြီးတဲ့နောက် နိုင်ငံရေးမှာပါ ဩဇာလွှမ်းနိုင်ဖို့ပါ။ ပြီးခဲ့တဲ့ ၂၀၂၄ အမေရိကန်ရွေးကောက်ပွဲ ကြည့်ရင် အီလွန်မတ်စ်က သူ့ ပလက်ဖောင်းကို သမ္မတဟောင်း ဒေါ်နယ်ထရမ့် ရွေးကောက်ပွဲနိုင်အောင် ဘယ်လောက် လှုံ့ဆော်နိုင်ခဲ့တယ်ဆိုတာ တွေ့ရမှာပါ။

အခုတစ်ခေါက်တော့ သူ့ရဲ့ မူလရည်ရွယ်ချက်ထဲက တစ်ခုဖြစ်တဲ့ X ကို WeChat လို ဖြစ်အောင် ပုံစံပြောင်းဖို့ စလာပါတယ်။ ဒီနှစ်နှောင်းပိုင်းလောက်မှာ X က ငွေပေးချေတာတွေ လုပ်နိုင်မယ့် X Money ဝန်ဆောင်မှု စတော့မှာပါ။ X Money Account အတွက် Visa နဲ့တောင် ပါတနာလုပ်ထားပြီလို့ ဆိုပါတယ်။

X Money အကောင့်ရှိထားရင် Visa Direct က တစ်ဆင့် ပိုက်ဆံကို တစ်နေရာက တစ်နေရာ ချက်ချင်းလွှဲပြောင်း ထည့်နိုင်သလို debit card နဲ့ အချင်းချင်း ငွေပေးတာမျိုးတွေ ၊ ဘဏ်အကောင့်ထဲ ပိုက်ဆံလွှဲတာတွေ လုပ်နိုင်တော့မှာပါ။ အဲ့ဒီအတွက်လည်း အရင်ကတည်းက ငွေလွှဲလိုင်စင်တွေ X က လုပ်ထားတာရှိပါတယ်။



Twitter ကို ဝယ်ပြီး နောက်တစ်နှစ်မှာပဲ X က အရီဇိုးနား ၊ မစ်ရှီဂန် ၊ မစ်ဆူရီ နဲ့ နယူးဟမ့်ရှိုင်းယားပြည်နယ်တွေမှာ Twitter Payments နာမည်နဲ့ ငွေလွှဲလိုင်စင်တွေ လုပ်ခဲ့တာပါ။ အခုဆို X ပလက်ဖောင်းမှာ ပြည်နယ် ၄၀ က လိုင်စင်တွေ ရထားပြီးပြီလို့ ဆိုပါတယ်။

တကယ်တော့ X ဆိုတဲ့ နာမည်ကလည်း အီလွန်မတ်စ်ရဲ့ ပထမဆုံး အွန်လိုင်းဘဏ်ဖြစ်တဲ့ X.com ကို ပြန်အသက်သွင်းလိုက်တာပါ။ X.com က နောက်ပိုင်း Confinity ဆိုတဲ့ ကုမ္ပဏီတစ်ခုနဲ့ ပေါင်းပြီး PayPal ဖြစ်သွားတာပါ။ X Money ကလည်း ဒီအိုင်ဒီယာကိုပဲ အခြေခံပြီး X app မှာ service တစ်ခုအနေနဲ့ တွေ့ရမှာပါ။

X Money ကို အခုနှစ်ကုန်ပိုင်းမှာ စပြီး အမေရိကန်ဈေးကွက်ထဲ မိတ်ဆက်ဖို့ ပြင်ထားပြီး နောက်နှစ်တွေမှာ တခြားဈေးကွက်တွေပါ ရောက်လာဖို့ ရှိပါတယ်။

Share

Loading Next Article...
က္က