ငါးအနှစ်များများ၊ ငါးပုတ်ခြောက်၊ ပုဇွန်ခြောက်တွေနဲ့ ချက်ထားတဲ့ ထားဝယ်ကအလှူမုန့်ဟင်းခါးလို စားရမယ့် ထားဝယ် အိုးကြီးချက်မုန့်ဟင်းခါးဆိုင် "မယ်မင်းဖြူ"ဆိုင်လေးမှာဆိုရင်တော့ ထားဝယ်အစားအစာစစ်စစ်တွေကို စားရမှာဖြစ်ပါတယ်။
ဘာ့ကြောင့် ဒီဆိုင်လေးကို ဖွင့်ဖြစ်တာလဲ
ထားဝယ်အစားအသောက်တွေကို ရောင်းချဖို့အတွက် ညီမနှစ်ယောက်အတူ ဝန်ထမ်းအလုပ်ကနေ ထွက်ပြီး ဒီဆိုင်လေးကို စတင်ဖွင့်လှစ်ခဲ့တာပါ။ မြို့ပြကလူတွေအနေနဲ့ ထားဝယ် အစားအသောက်တွေကို အရမ်းကြီး အကျွမ်းတဝင်မရှိကြသလို ကိုယ်တိုင်ကလည်း ကိုယ့်ရိုးရာအစားအသောက်ကို နာမည်ရစေချင်တာကြောင့် အခုဆိုင်လေးကို ဖွင့်လှစ်ခဲ့တာဖြစ်တယ်လို့လည်း သိရပါတယ်။
"ထားဝယ်အစားအသောက်တွေကိုလူတိုင်းသိစေချင်၊စားဖူးစေချင်တဲ့အတွက် အခုဆိုင်လေးကို ဖွင့်ခဲ့တာ ကိုယ့်ရိုးရာအစားအသောက်ကိုလည်း နာမည်ရစေချင်တယ်"လို့ဆိုင်ရှင်ကပြောပါတယ်။
အိုးကြီးချက် မုန့်ဟင်းခါးရဲ့ ထူးခြားချက်
ထားဝယ်က အိုးကြီးချက် မုန့်ဟင်းခါးရဲ့ ထူးခြားချက်ကတော့ ဟင်းရည်အနှစ်ပျစ်ပျစ်ကို ငှက်ပျောအူတိုင်အဝိုင်းနဲ့ ချက်ရပါတယ်။ စားရတဲ့အခါမှာလည်း မုန့်ဟင်းခါးလို့သာ အမည်ခံပေမယ့် အသုပ်လိုမျိုး စားရတဲ့ စားသောက်ဖွယ်ရာတစ်ခုလို့လည်း ဆိုလို့ရပါတယ်။ ဒါ့အပြင် ထားဝယ်မုန့်တီအတွက်လည်း ဒွန်းချင်းငါးလို့ခေါ်တဲ့ ပင်လယ်ငါးနဲ့ချက်ပြီး ငါးဥနဲ့စားရတာပါ။
တန်တယ် လို့မှတ်ယူရမယ့် စျေးနူန်း
ဒီဆိုင်လေးမှာဆိုရင်တော့ ထားဝယ်အစားအစာစစ်စစ်တွေကို စားရမှာဖြစ်ပြီး ဈေးနှုန်းတွေကတော့ (၁၅၀၀)၊ (၂၅၀၀) ကျပ်ဝန်းကျင်ဖြစ်တဲ့အတွက် တန်တယ်လို့ပဲ သတ်မှတ်လို့ရပါတယ်။ စားသုံးသူတွေအနေနဲ့ မတန်ဘူးလို့ သတ်မှတ်တာမျိုးမဖြစ်စေချင်တာကြောင့် လိုအပ်တဲ့ ငါးအမျိုးအစားကို ရန်ကုန်မြို့ မှာ ဝယ်ယူလို့မရတဲ့အခါမျိုးမှာ ထားဝယ်အထိ မှာယူချက်ပြုတ် ရောင်းချတဲ့အထိ စားသုံးသူအပေါ် စေတနာထားရင်း အရသာကို ထိန်းထားတဲ့ ဆိုင်လေးလည်းဖြစ်ပါတယ်။
ဆိုင်လိပ်စာ
ကဲ .. ညွှန်းတာတွေလည်း အတော်များသွားပြီဆိုတော့ သွားရောက် သုံးဆောင်ချင်သူတွေအတွက်ကို ရည်ရွယ်ပြီး ဆိုင်လိပ်စာလေးကိုလည်း ဖော်ပြပေးလိုက်ပါတယ်။ ဆိုင်လိပ်စာကတော့ အမှတ် (၅၁)၊ မအူပင်လမ်း၊ စမ်းချောင်းမြို့နယ်မှာပါပဲဖြစ်ပါတယ်။