ဒီနေ့ခေတ်မှာ လူကြီးလူငယ်မရွေး အဖြစ်များလာတဲ့ အလေ့အကျင့်ဆိုးတစ်ခုကတော့ အိမ်သာထဲ ဖုန်းယူသွားပြီး အချိန်အကြာကြီး ထိုင်တာပါပဲ။ တကယ်တော့ ဒီအလေ့အကျင့်ဟာ နေ့စဉ်ဘဝမှာ အတော်လေး စိတ်အနှောင့်အယှက်ပေးတတ်တဲ့ "လိပ်ခေါင်းရောဂါ" ဖြစ်ဖို့ ကိုယ့်ဖိတ်စာနဲ့ကိုယ် ဖိတ်ခေါ်နေတာနဲ့ အတူတူပါပဲ။ ဒါတင်မကသေးပါဘူး၊ နောက်ပိုင်း ဝမ်းသွားတဲ့အခါ စအိုကနေ သွေးထွက်တာ၊ အဖုထွက်တာမျိုး ကြုံရရင် လူတိုင်းက လိပ်ခေါင်းလို့ပဲ လွယ်လွယ်ကူကူ သတ်မှတ်တတ်ကြပါတယ်။ တကယ်ပဲ စအိုမှာ သွေးထွက်တိုင်း လိပ်ခေါင်းရောဂါ ဟုတ်ရဲ့လား?
၁။ အိမ်သာထဲ ဖုန်းကြည့်ခြင်းက ဘာကြောင့် လိပ်ခေါင်းဖြစ်စေတာလဲ?
လိပ်ခေါင်းရောဂါဖြစ်စေတဲ့ အကြောင်းရင်းတွေထဲမှာ အဓိကအကျဆုံးက ဝမ်းသွားတဲ့အခါ "အားထည့်ပြီး ညှစ်ရတဲ့ကိစ္စ" ဖြစ်ပါတယ်။ လူအများစုက "အထိုင်များရင် လိပ်ခေါင်းဖြစ်သလား" လို့ မေးလေ့ရှိကြပေမဲ့ ခွဲစိတ်ဆရာဝန်ကြီး ဒေါက်တာမျိုးသက်အောင် ကတော့ အထိုင်များတာထက် "အိမ်သာပေါ်မှာ ဘယ်လောက်ကြာကြာ ထိုင်သလဲ" ဆိုတာက ပိုအရေးကြီးတယ်လို့ ထောက်ပြထားပါတယ်။
အိမ်သာမှာ ထိုင်နေတဲ့အချိန်မှာ တင်ပါးမှာရှိတဲ့ ကြွက်သားတွေက စအိုကို အထောက်အပံ့ ကောင်းကောင်း မပေးနိုင်ပါဘူး။ အဲဒီအချိန်မှာ ဝမ်းတကယ် သွားချင်စိတ်မရှိဘဲ ဖုန်းတွေ၊ စာအုပ်တွေကြည့်ပြီး အိမ်သာမှာ မလိုအပ်ဘဲ အကြာကြီး ထိုင်နေခြင်း၊ ခဏခဏ ညှစ်ခြင်းတွေက စအိုနားက သွေးပြန်ကြောတွေကို ဖောင်းကြွလာစေပြီး လိပ်ခေါင်းရောဂါဆီသို့ တိုက်ရိုက် ဦးတည်သွားစေပါတယ်။
နောက်ထပ် အကြောင်းရင်းတစ်ခုကတော့ "ဝမ်းချုပ်ခြင်း" ပါပဲ။ ဝမ်းက အရမ်းကျစ်ပြီး မာနေတဲ့အခါ သာမန်ထက် ပိုပြီး အားစိုက်ညှစ်ရပါတယ်။ အဲဒီလို ညှစ်တာတွေက လနဲ့ချီ၊ နှစ်နဲ့ချီ ကြာလာတဲ့အခါမှာ လိပ်ခေါင်းရောဂါ ဖြစ်လာတော့တာပါ။ အသက်ကြီးလာတဲ့အခါမှာလည်း စအိုပတ်ပတ်လည်က ကြွက်သားတွေ လျော့ရဲလာတဲ့အတွက် လိပ်ခေါင်းဖြစ်ဖို့ ပိုပြီး လွယ်ကူလာတတ်ပါတယ်။
photo:www.coloradocolonandrectalspecialists.com
၂။ ဆေးပညာအရ လိပ်ခေါင်းရောဂါရဲ့ အဆင့် (၄) ဆင့်
ဆရာဝန်ကြီးရဲ့ ရှင်းပြချက်အရ ဆေးပညာမှာ လိပ်ခေါင်းရောဂါကို အဆင့် (၄) ဆင့် သတ်မှတ်ထားပါတယ် -
ဒီနေရာမှာ အရေးကြီးတာက "အဆင့်ကြီးလေ ပိုအန္တရာယ်များလေ" လို့ တရားသေ မှတ်ယူလို့မရပါဘူး။ အဆင့် (၁) သမားက ဘာမှမဖြစ်ဘူးလို့ ပြောလို့မရသလို၊ အဆင့် (၄) သမားကလည်း အမြဲဒုက္ခရောက်နေတာမျိုး မဟုတ်ပါဘူး။ အဓိကက "ဒီလိပ်ခေါင်းက လူနာရဲ့ နေ့စဉ်ဘဝမှာ ဘယ်လိုဒုက္ခပေးနေလဲ" (သွေးထွက်နေလား၊ နာကျင်နေလား၊ ဝမ်းသွားရခက်နေလား) ဆိုတာပေါ်မှာပဲ အဓိက ပတ်သက်နေတာ ဖြစ်ပါတယ်။
၃။ လိပ်ခေါင်းရောဂါမဖြစ်အောင် ကြိုတင်ကာကွယ်မည့် အဆင့်များ
လိပ်ခေါင်းရောဂါဟာ ကာကွယ်ဆေးထိုးပြီး ကာကွယ်လို့ရတဲ့အရာ မဟုတ်ပါဘူး။ ငယ်ငယ်လေးကတည်းက မိမိရဲ့ နေထိုင်မှုပုံစံနဲ့ အိမ်သာတက်တဲ့ အလေ့အထကို ဂရုစိုက်မယ်ဆိုရင် လိပ်ခေါင်းဖြစ်ဖို့ အခွင့်အရေး အလွန်နည်းသွားမှာပါ။

photo:www.hillsgastrocare.com
၄။ စအိုမှာ သွေးထွက်တိုင်း လိပ်ခေါင်းလား? ဖြစ်လာရင် ဘယ်လိုကုသမလဲ?
ဆရာဝန်ကြီးက အထူးသတိပေးထားတာကတော့ "ကိုယ့်ကိုယ်ကိုယ် လိပ်ခေါင်းရောဂါလို့ လွယ်လွယ်ကူကူ မသတ်မှတ်ပါနဲ့" ဆိုတာပါပဲ။ လိပ်ခေါင်းကြောင့် သွေးထွက်ရင် များသောအားဖြင့် နာကျင်လေ့မရှိဘဲ ဝမ်းသွားတဲ့အခါ "ရဲတောက်နေအောင်" ထွက်တတ်ပါတယ်။ ဒါပေမဲ့ အူမကြီးကင်ဆာနဲ့ စအိုကင်ဆာတွေမှာလည်း ဝမ်းထဲသွေးပါတာမျိုး လာတတ်တဲ့အတွက် အလွန်သတိထားရပါမယ်။
ဒါကြောင့် သွေးထွက်တာ၊ အဖုထွက်တာ၊ လက်နဲ့ပြန်သွင်းနေရတာမျိုး ကြုံလာရင် တကယ်နားလည်တဲ့ ခွဲစိတ်ဆရာဝန်နဲ့ပြသပြီး စအိုကြည့်မှန်ပြောင်း (သို့မဟုတ်) အသက် ၄၅ နှစ်အထက်ဆိုလျှင် အူမကြီးကြည့်မှန်ပြောင်းနဲ့ သေသေချာချာ စစ်ဆေးမှု ခံယူသင့်ပါတယ်။ ဆရာဝန်က တကယ်လိပ်ခေါင်းဟုတ်တယ်လို့ အတည်ပြုမှသာ ထိရောက်တဲ့ ကုသမှုကို ခံယူရမှာပါ။
ကုသမှုအပိုင်းမှာတော့ -
photo:www.pexels.com
နိဂုံးချုပ်အနေနဲ့ လိပ်ခေါင်းရောဂါဟာ ရှက်စရာရောဂါတစ်ခု မဟုတ်ပါဘူး။ အိမ်သာထဲ ဖုန်းကြည့်တဲ့ အလေ့အကျင့်ဆိုးကို ပြုပြင်ပြီး အလေ့အထမှန်နဲ့ နေထိုင်မယ်ဆိုရင် ကြိုတင်ကာကွယ်နိုင်ပါတယ်။ အကယ်၍ မိမိမှာ လိပ်ခေါင်းရောဂါလက္ခဏာတွေ ရှိနေတယ်လို့ သံသယရှိလာရင် အချိန်မဆွဲဘဲ ခွဲစိတ်ဆရာဝန်ကြီးများနှင့် သေချာပြသ တိုင်ပင်ဆွေးနွေးကြဖို့ တိုက်တွန်းနှိုးဆော်လိုက်ရပါတယ်ခင်ဗျာ။
Duwun Health Talk အစီအစဉ်ကနေ ခွဲစိတ်ဆရာဝန်ကြီး ဒေါက်တာမျိုးသက်အောင် မျှဝေပေးထားတဲ့ လိပ်ခေါင်းရောဂါဖြစ်စေတဲ့ အဓိကအကြောင်းရင်းများ၊ ရောဂါအဆင့်များနှင့် လိပ်ခေါင်းမဖြစ်အောင် ကြိုတင်ကာကွယ်နိုင်မည့် နည်းလမ်းကောင်းများကို ပြည့်ပြည့်စုံစုံ ပြန်လည်မျှဝေပေးလိုက်ရပါတယ်။
Share