ခြေထောက်က ပေးနေတဲ့ အချက်ပြလက္ခဏာဆိုးတွေကို သတိထားဖို့ လိုပါတယ်။

"ရုံးခန်းထဲမှာ နာရီပေါင်းများစွာ ငြိမ်ထိုင်ပြီး ကွန်ပျူတာရိုက်နေရလို့ဖြစ်ဖြစ်၊ ဒါမှမဟုတ် အလုပ်သဘာဝအရ တစ်နေ့လုံး မတ်တပ်ရပ်နေရလို့ဖြစ်ဖြစ်... ညနေဘက်ရောက်ရင် ခြေထောက်တွေ ညောင်းချိ၊ လေးလံပြီး ကိုက်ခဲလာတာမျိုး ခဏခဏ ကြုံဖူးကြမှာပါ"



ဒီလို ခြေထောက်ညောင်းတာကို လူတော်တော်များများက "ပင်ပန်းလို့ ညောင်းတာပါလေ" ဆိုပြီး ပေါ့ပေါ့ဆဆ ကျော်ပစ်လိုက်လေ့ ရှိကြပါတယ်။ တကယ်တော့ ဒါဟာ သာမန်ညောင်းညာတာ မဟုတ်ဘဲ ကိုယ်တိုင် မသိလိုက်ဘဲ "နာတာရှည် သွေးပြန်ကြောအားနည်းရောဂါ (Chronic Venous Insufficiency)" ဖြစ်နေတာရဲ့ ကနဦးအချက်ပြလက္ခဏာတွေ ဖြစ်နေနိုင်ပါတယ်။

photo:https://www.pexels.com

၁။ နာတာရှည် သွေးပြန်ကြောအားနည်းရောဂါဆိုတာ ဘာလဲ?

ရှင်းရှင်းပြောရရင်တော့ ဒါဟာ "ခြေထောက်သွေးပြန်ကြောထဲမှာ သွေးတိုးဖြစ်နေတာ" ပါပဲ။ ကျွန်တော်တို့ ခြေဖဝါးသွေးကြောကနေ ပေါင်ထိပ်၊ အဲဒီကနေတစ်ဆင့် နှလုံးသွေးကြောရှည်ကြီးဆီ သွေးတွေကို ပြန်ပို့ပေးရပါတယ်။ အဲဒီလို ပြန်ပို့တဲ့အခါ သွေးတွေအောက်ကို ပြန်မကျလာအောင် ထိန်းထားပေးတဲ့ "အဆို့ရှင် (Valves)" ကလေးတွေ ရှိပါတယ်။

ဒါပေမဲ့ ရေရှည်မှာ အဲဒီအဆို့ရှင်တွေနဲ့ သွေးကြောနံရံတွေ အားနည်းလာတဲ့အခါ သွေးတွေက အပေါ်ကို ကောင်းကောင်း မတက်နိုင်တော့ဘဲ အောက်မှာပဲ အိုင်ပြီး တင်းလာတာ၊ သွေးကြောတွေ ဖောင်းလာတာမျိုး ဖြစ်လာပါတယ်။ ဒါကိုပဲ နာတာရှည် ခြေထောက်သွေးပြန်ကြော အားနည်းရောဂါလို့ ခေါ်တာ ဖြစ်ပါတယ်။

၂။ ဘယ်လိုလူမျိုးတွေမှာ အဖြစ်များဆုံးလဲ?
  • မျိုးရိုးဗီဇ: မိဘနှစ်ယောက်ထဲက တစ်ယောက်မှာ ဒီရောဂါရှိရင် သားသမီးမှာ ဖြစ်နိုင်ခြေ ၅၀ ရာခိုင်နှုန်း ရှိပြီး၊ မိဘနှစ်ယောက်လုံးမှာ ရှိရင်တော့ ဖြစ်နိုင်ခြေ ၈၀ ရာခိုင်နှုန်းအထိ ရှိပါတယ်။
  • အမျိုးသမီးများ: အမျိုးသားတွေထက် အမျိုးသမီးတွေမှာ ပိုအဖြစ်များပါတယ်။ အထူးသဖြင့် ကိုယ်ဝန်ဆောင်ချိန်မှာ သားအိမ်နားက သွေးပြန်ကြောတွေ သွေးအိုင်တတ်လို့ ခြေထောက်ထုံတာမျိုး ကြုံရတတ်ပါတယ်။ ကိုယ်ဝန်တစ်ခါဆောင်ရင် ပြီးရင် ပြန်ကောင်းသွားတတ်ပေမဲ့၊ ခဏခဏ ကိုယ်ဝန်ဆောင်ရတဲ့အခါမှာတော့ နာတာရှည်ရောဂါ ဖြစ်သွားတတ်ပါတယ်။
  • ခန္ဓာကိုယ်တည်ဆောက်ပုံ: အရပ်ရှည်တဲ့သူတွေမှာ ပိုအဖြစ်များပါတယ်။
  • အလုပ်အကိုင်နှင့် နေထိုင်မှုပုံစံ: အလုပ်သဘာဝအရ ကြာကြာမတ်တပ်ရပ်ရသူတွေ (ဥပမာ - အရောင်းဝန်ထမ်းများ၊ ဆရာ/ဆရာမများ) နဲ့ တစ်နေ့လုံး ငြိမ်ထိုင်ပြီး အလုပ်လုပ်ရတဲ့ အထိုင်များသူတွေမှာ အဓိက ဖြစ်ပွားတတ်ပါတယ်။

photo:https://www.pexels.com

၃။ ရောဂါဖြစ်နေမှန်း ဘယ်လိုသိနိုင်မလဲ? (အဆင့်ဆင့် ပြောင်းလဲလာပုံ)

ရောဂါက ကနဦးအစမှာ သိပ်မသိသာဘဲ အဆင့်လိုက် ဆိုးရွားလာတတ်ပါတယ် -

  • အစပိုင်းအဆင့်: သိပ်မသိသာသေးဘဲ ခြေထောက်တွေ ညောင်းချိလေးလံတယ်၊ နည်းနည်းကိုက်ခဲတယ် ဆိုတဲ့ ခံစားချက်လောက်ပဲ ရှိပါသေးတယ်။
  • ဒုတိယအဆင့်: လက္ခဏာတွေ စပြီး သိသာလာပါတယ်။ ခြေသလုံး သို့မဟုတ် ပေါင်တံတွေမှာ သွေးကြောမှျင်ကလေးတွေ သိသိသာသာ မြင်လာရတတ်ပါတယ်။
  • အဆင့်ပိုဆိုးလာလျှင်: သွေးကြောတွေ ဖောင်းထွက်လာပြီး၊ ခြေထောက်တွေ ဖောယောင်လာပါတယ်။ ခြေမျက်စိနားမှာ အရေပြားအရောင်တွေ ပြောင်းလာပြီး ယားယံလာတဲ့အတွက် ခဏခဏ ကုတ်နေရတတ်ပါတယ်။
  • အဆိုးဆုံးအဆင့် (Venous Ulcer): အရမ်းဆိုးသွားတဲ့အခါ ခြေမျက်စိထိပ်နားမှာ သွေးတွေ အမြဲအိုင်နေပြီး ပိတ်ဆို့ကြပ်တည်းနေတဲ့အတွက် "ဗင်းနက်အာဆာ" လို့ခေါ်တဲ့ ကုရခက်တဲ့ အနာဆိုးကြီးတွေ ဖြစ်လာတော့တာပါပဲ။
၄။ ခြေထောက်သွေးလည်ပတ်မှု အားကောင်းအောင် ဆောင်ရန်/ရှောင်ရန်များ

ဆရာဝန်ကြီးရဲ့ လမ်းညွှန်ချက်အရ လူတစ်ယောက်ဟာ အကြာကြီး မတ်တပ်ရပ်နေရင် သွေးကြောဖိအား ၈၀ လောက်ရှိပြီး၊ ထိုင်နေရင် ၆၀ ရှိပါတယ်။ ဒါပေမဲ့ လမ်းလျှောက်နေရင်တော့ ဖိအားက ၂၅ လောက်ပဲ ရှိပါတော့တယ်။ ဒါကြောင့် လှုပ်ရှားပေးဖို့က အဓိက သော့ချက်ပါပဲ။

ဆောင်ရန်အချက်များ (Do's):

၁။ လှုပ်လှုပ်ရှားရှားနေပါ: တစ်နာရီလောက် ငြိမ်ထိုင်ပြီးရင် အနည်းဆုံး ၅ မိနစ်လောက် ထပြီး လမ်းလျှောက်ပေးပါ။

၂။ ခြေမျက်စိ လေ့ကျင့်ခန်းလုပ်ပါ: ထိုင်နေရတဲ့ အချိန်မှာတောင် ခြေမျက်စိကို အကွေးအဆန့် လုပ်ပေးတာ၊ ခြေထောက်ကို အပေါ်အောက် မြှောက်ပေးတာမျိုး လုပ်ပါ။

၃။ ခြေထောက်မြှောက်အိပ်ပါ: အိမ်ပြန်ရောက်လို့ အိပ်စက်တဲ့အခါ ခြေထောက်အောက်မှာ ခေါင်းအုံးလေးတစ်ခုခုခံပြီး နှလုံးအမြင့်ထက် မြှောက်အိပ်ပေးရင် သွေးပြန်စီးဆင်းမှု ပိုကောင်းစေပါတယ်။

၄။ ချောင်ချိသော အဝတ်အစားဝတ်ပါ: သွေးလည်ပတ်မှုကို မပိတ်ဆို့စေဖို့ ပွပွယောင်းယောင်း ချောင်ချိတဲ့ အဝတ်အစားတွေကို ရွေးချယ်ဝတ်ဆင်ပါ။

၅။ အပူအအေးမျှတအောင် ချိုးပါ: ရေချိုးတဲ့အခါ အပူအအေး မျှတဖို့ လိုအပ်ပါတယ်။

ရှောင်ရန်အချက်များ (Don'ts):

၁။ တစ်နေ့လုံး ငြိမ်ထိုင်နေခြင်း သို့မဟုတ် တောက်လျှောက် မတ်တပ်ရပ်နေခြင်းကို ရှောင်ပါ။

၂။ ခြေထောက်သွေးကြောတွေကို တင်းကြပ်စေမယ့် Skinny Jeans တွေ၊ ကျပ်လွန်းတဲ့ အဝတ်အစားတွေကို ရှောင်ပါ။

၃။ သွေးကြောကျန်းမာရေးကို ထိခိုက်စေတဲ့ ဆေးလိပ်သောက်ခြင်းကို ပြတ်ပြတ်သားသား ရှောင်ကြဉ်ပါ။

photo:https://www.pexels.com

၅။ ကုသမှုအပိုင်း
  • အဆင့် ၁ (အစောပိုင်း): အထက်ပါ နေထိုင်မှုပုံစံ ပြောင်းလဲခြင်း (လမ်းလျှောက်ခြင်း၊ ခြေမြှောက်ခြင်း) တွေနဲ့တင် ကာကွယ်ကုသလို့ ရပါတယ်။
  • အဆင့် ၂ (သွေးကြောပေါ်လာလျှင်): ဆေးပညာအရ အထူးထုတ်လုပ်ထားတဲ့ သွေးပြန်ကြောစီးဆင်းမှု ထောက်ပံ့ပေးတဲ့ ခြေစွပ် (Medical Stockings) တွေကို စည်းထားရမှာဖြစ်ပြီး၊ သောက်ဆေးသောက်ပြီး စနစ်တကျ ကုသရပါမယ်။
  • အဆိုးဆုံးအဆင့် (အနာဖြစ်လျှင်): လေဆာနဲ့ ကုသတဲ့နည်းလမ်းအပါအဝင် ခွဲစိတ်ကုသမှု ခံယူဖို့အထိ လိုအပ်လာနိုင်ပါတယ်။

နိဂုံးချုပ်အနေနဲ့ ဒီနေ့ခေတ် လူနေမှုစနစ်မှာ လှုပ်ရှားမှုနည်းတာဟာ သင့်ခြေထောက်တွေကို တဖြည်းဖြည်း ဖျက်ဆီးနေတာနဲ့ အတူတူပါပဲ။ ဒါကြောင့် "ညောင်းတာပဲ" ဆိုပြီး ပေါ့ဆမနေဘဲ တစ်နာရီထိုင်ရင် ၅ မိနစ် ထလမ်းလျှောက်တဲ့ အလေ့အကျင့်လေးကို အခုပဲ စတင်လိုက်ပါ။ အကယ်၍ မိမိခြေထောက်မှာ သွေးကြောမှျင်တွေ ပေါ်လာတာ၊ ဖောရောင်တာမျိုး ကြုံနေရရင်တော့ အချိန်မဆွဲဘဲ ကျွမ်းကျင်ဆရာဝန်ကြီးများနှင့် သေချာပြသ စစ်ဆေးကုသမှု ခံယူကြပါခင်ဗျာ။

(တစ်နေကုန် ထိုင်ပြီး အလုပ်လုပ်နေရတဲ့ သင့်ရဲ့ လုပ်ဖော်ကိုင်ဖက်တွေနဲ့ သူငယ်ချင်းတွေ သိရှိဆင်ခြင်နိုင်အောင် ဒီဆောင်းပါးလေးကို အခုပဲ မျှဝေပေးလိုက်ပါဦးနော်)

Duwun Health Talk အစီအစဉ်ကနေ ခွဲစိတ်အထူးကုဆရာဝန်ကြီး ပါမောက္ခဒေါက်တာဦးအေးမွန် မျှဝေဆွေးနွေးပေးထားတဲ့... ခြေထောက်သွေးပြန်ကြော ဘာကြောင့်အားနည်းရသလဲ၊ ရောဂါလက္ခဏာတွေက ဘာတွေလဲနဲ့ ခြေထောက်သွေးလည်ပတ်မှု အားကောင်းအောင် ဘာတွေဆောင်ရ၊ ရှောင်ရမလဲဆိုတဲ့ အကြောင်းအရာတွေကို အပြည့်အစုံ ပြန်လည်မျှဝေပေးလိုက်ရပါတယ်။

Share

Loading Next Article...
က္က