မြန်မာနိုင်ငံကိုယ်စားပြု Yangon Galacticos (YG) အသင်းဟာ စက်တင်ဘာလ ၁၁ ရက်နေ့ကနေ ၁၃ ရက်နေ့အထိ မလေးရှားနိုင်ငံမှာ ကျင်းပခဲ့တဲ့ PUBG MOBILE ရဲ့ အရှေ့တောင်အာရှဒေသတွင်း ပြိုင်ပွဲ 2026 PMGO S2 SEA Finals ကို ပါဝင်ယှဉ်ပြိုင်ခဲ့ပါတယ်။ ဒီပြိုင်ပွဲမှာတော့ ဒေသတွင်းနိုင်ငံတွေက အသင်းပေါင်း ၁၆ သင်း ပါဝင်ယှဉ်ပြိုင်ခဲ့ကြတာပါ။ Yangon Galacticos အသင်းရဲ့ မြန်မာနိုင်ငံကိုယ်စားပြုအနေနဲ့ ခုလို ဝင်ရောက်ယှဉ်ပြိုင်နိုင်ခြင်းဟာ မြန်မာ့ Esports အသင်းတွေရဲ့ အရှေ့တောင်အာရှ ဒေသတွင်းနဲ့ နိုင်ငံတကာပြိုင်ပွဲတွေမှာ ပါဝင်ယှဉ်ပြိုင်နိုင်မှုကို ထင်ဟပ်ပြသနိုင်ခဲ့တာပဲဖြစ်ပါတယ်။
Yangon Galacticos (YG) အသင်းဟာဆိုရင်တော့ ဩဂုတ်လ ၃၀ ရက်နေ့က ကျင်းပပြီးစီးခဲ့တဲ့ 2026 PMCL SEA Fall ပြိုင်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ဖို့ တိုက်ရိုက်ဖိတ်ကြားခံခဲ့ရပြီး ဒီပွဲစဉ်မှာလည်း ချန်ပီယံဆုကို ရယူသိမ်းပိုက်နိုင်ခဲ့တာကိုတွေ့ရပါတယ်။ ဒီလို ချန်ပီယံဆုကို ဆွတ်ခူးပြီးတဲ့နောက်မှာတော့ YG အသင်းဟာ ဒေသတွင်းအဆင့် 2026 PMGO S2 SEA Finals ကို မြန်မာနိုင်ငံကိုယ်စားပြုအဖြစ် ဆက်လက်တက်လှမ်းခဲ့တာပဲဖြစ်ပါတယ်။
2026 PMGO S2 SEA Finals ပြိုင်ပွဲမှာဆိုရင် အရှေ့တောင်အာရှဒေသတွင်းမှာရှိတဲ့ ထိုင်း၊ အင်ဒိုနီးရှား၊ ဗီယက်နမ်၊ မလေးရှား၊ မြန်မာ နဲ့ ဖိလစ်ပိုင်နိုင်ငံတို့က ထိပ်တန်း PUBG MOBILE အသင်းတွေ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြတာပါ။ ထိပ်တန်းအသင်းတွေဖြစ်တဲ့အလျောက် အကြိတ်အနယ် ယှဉ်ပြိုင်ခဲ့ကြတာမို့ ဒီပြိုင်ပွဲကနေ တစ်ဆင့် မြန်မာနိုင်ငံကိုယ်စားပြု YG အသင်းအနေနဲ့လည်း ဒေသတွင်း ပြိုင်ဘက်အသင်းတွေဆီကနေ အတွေ့အကြုံသစ်ကောင်းများစွာ ရရှိခဲ့ပြီး နောက်ဆုံးပွဲစဉ်အထိ အကောင်းဆုံး ကြိုးစားယှဉ်ပြိုင်ခဲ့ကြတာကိုလည်း တွေ့ရပါတယ်။
“2026 PMGO S2 SEA Finals လို ဒေသတွင်းအဆင့် ပြိုင်ပွဲမှာ မြန်မာနိုင်ငံကိုယ်စားပြုအဖြစ် ဝင်ရောက်ယှဉ်ပြိုင်ခွင့် ရရှိခဲ့တာက ကျွန်တော်တို့အသင်းအတွက် တန်ဖိုးရှိတဲ့ အတွေ့အကြုံတစ်ခု ဖြစ်ပါတယ်။ ဒေသတွင်းအသင်းကောင်းတွေနဲ့ ယှဉ်ပြိုင်ရင်း ကိုယ့်အသင်းရဲ့ အားသာချက်၊ အားနည်းချက်တွေနဲ့ ပိုပြီးတိုးတက်ဖို့ လိုအပ်တဲ့အရာတွေကို သိရှိခွင့်ရခဲ့ပါတယ်။ ဒီပြိုင်ပွဲက ရရှိခဲ့တဲ့ အတွေ့အကြုံတွေကို အခြေခံပြီး မကြာခင် သွားရောက်ယှဉ်ပြိုင်မဲ့ Asian Games မှာလဲ ပိုမိုကောင်းမွန်တဲ့ result တွေရရှိအောင် ဆက်လက်ကြိုးစားသွားမှာပါ” လို့ Yangon Galacticos အသင်း Coach ဖြစ်သူ Nicky က ပြောကြားခဲ့ပါသေးတယ်။
PUBG MOBILE Country Manager - Aman Kumar က “Yangon Galacticos အသင်းအနေနဲ့ ဒေသတွင်းအဆင့် ပြိုင်ပွဲတစ်ခုဖြစ်တဲ့ 2026 PMGO S2 SEA Finals မှာ မြန်မာနိုင်ငံကိုယ်စားပြုအနေနဲ့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့တဲ့အတွက် ဝမ်းမြောက်မိပါတယ်။ အခုလိုပြိုင်ပွဲတွေမှာ ပါဝင်ယှဉ်ပြိုင်မှုကနေတစ်ဆင့် မြန်မာကစားသမားတွေအတွက် အတွေ့အကြုံကောင်းတွေရရှိစေသလို သူတို့ရဲ့ အရည်အချင်းတွေကို ပိုပြီးတိုးတက်လာစေဖို့ အခွင့်အလမ်းကောင်းတွေလဲ ဖန်တီးပေးနိုင်မယ်လို့ ယုံကြည်ပါတယ်။ PUBG MOBILE အနေနဲ့လဲ မြန်မာ့ Esports အသိုက်အဝန်း ဖွံ့ဖြိုးတိုးတက်ဖို့အတွက် ပံ့ပိုးမှုတွေ ဆက်လက်ပြုလုပ်သွားမှာဖြစ်ပါတယ်” လို့ ပြောခဲ့ပါတယ်။
ဒေသတွင်းနဲ့ နိုင်ငံတကာအဆင့် ပြိုင်ပွဲတွေမှာ ခုလို မြန်မာ PUBG MOBILE အသင်းတွေ ပါဝင်ယှဉ်ပြိုင်လာနိုင်ခြင်းဟာ ပြည်တွင်း Esports ကဏ္ဍ ဖွံ့ဖြိုးတိုးတက်မှုအတွက် အရေးပါတဲ့ ခြေလှမ်းတစ်ခုဖြစ်ပါတယ်။ PUBG MOBILE အနေနဲ့လည်း မြန်မာ Esports အသိုက်အဝန်း ဆက်လက်ဖွံ့ဖြိုးတိုးတက်လာစေဖို့နဲ့ အရည်အချင်းရှိတဲ့ ကစားသမားတွေအတွက် ဒေသတွင်းနဲ့ နိုင်ငံတကာအဆင့် ပြိုင်ပွဲတွေမှာ ယှဉ်ပြိုင်နိုင်မယ့် အခွင့်အလမ်းတွေ ဆက်လက်ပံ့ပိုးပေးသွားမှာဖြစ်တယ်လို့ သိရပါတယ်။