ကြည့်မြင်တိုင်မြို့နယ်ကဗားကရာမီးပုံးတန်းလို့ဆိုလိုက်ရင် လက်မှု၀ါးမီးပုံးလုပ်ငန်း ကိုနှစ်ပေါင်းများစွာ မိသားစုလိုက်လက်ဆင့်ကမ်းထိန်းသိမ်းလုပ်ကိုင်ကြတဲ့ ရန်ကုန်မြို့ ရဲ့အထင်ကရနေရာတခုအဖြစ်သိကြမှာပါ။ဒီလိုထိန်းသိမ်းလုပ်ကိုင်ကြသူတွေထဲမှာ ဦးဖြူလေးတို့မိသားစုလည်းပါ၀င်ပါတယ်။သီတင်း၀ါလကျွတ်လို့ မီးထွန်းပွဲတော်ချိန် ရောက်ပြီဆိုရင် ဦးဖြူလေးတစ်ယောက် ၀ါးမီးပုံးလေးတွေလုပ်ဖို့ နှီးဖျာအရုပ်ချိုးနဲ့ အလုပ်များတဲ့အချိန်ရောက်ပါပြီ။
ဗားကရာသားမှန်ရင် ၀ါးမီးပုံးလုပ်တတ်တယ်
ဦးဖြူလေးက ဗားကရာသားပီပီ လက်မှုမီးပုံးလေးတွေကိုငယ်စဥ်ထဲကပဲစလုပ်ခဲ့ သူပါ။၀ါးတစ်လုံး(၃)ကျပ်ထဲကမီးပုံးလုပ်လာတာဖြစ်ပြီး သူရဲ့ မီးပုံးလုပ်သက်ကနှစ်ပေါင်း(၅၀)နီးပါးရှိပြီဖြစ်ပါတယ်။သူ့အသက်၂၀စွန်းစွန်းမှာပဲ မီးပုံးစက္ကူကပ်တဲ့ အလုပ်ကို ဇနီးဖြစ်သူနဲ့ နှစ်ယောက်အတူလက်ခစားစလုပ်ခဲ့ရင်း နောက်ပိုင်းမှာကိုယ် တိုင်မီးပုံးအရုပ်ချိုးတာကိုစလုပ်ခဲ့ပြီး လင်မယားနှစ်ယောက်မီးပုံးလုပ်ငန်းလေးစ လုပ်ဖြစ်ခဲ့တာပါ။
“ဗားကရာသူ၊ဗားကရာသားတွေက ဒီမီးပုံးလုပ်ငန်းကိုကလေးထဲကလုပ်တက်ကြ တယ်။၀ါသနာလည်းပါကြတယ်။မီးပုံးအရုပ်မချိုးတက်တုန်းက မီးပုံးစက္ကူကပ်တဲ့ အလုပ်ကို ဇနီးနဲ့နှစ်ယောက်လုပ်ခဲ့ကြတာ။အဲ့ဒါကသိပ်အဆင်မပြေတော့ ကိုယ်တိုင် လုပ်မယ်ဆိုပြီး တရုတ်ဘုံကျောင်းမှာ မီးပုံးချိုးတာကနေစသင်ပြီး နောက်ပိုင်းကျ ဦးလေးကနှီးဖျာအရုပ်ချိုး၊မိန်းမက စက္ကူကပ်နဲ့ တက်ညီလက်ညီ မီးပုံးလုပ်ငန်း လုပ်ခဲ့ကြတာ”လို့ ဦးဖြူလေးကပြောပြပါတယ်။
တစ်နှစ်မှာ(၃)လပဲလုပ်တဲ့လုပ်ငန်း
လက်မှု၀ါးမီးပုံးလုပ်ငန်းကတော့ တစ်နှစ်မှာသုံးလလောက်သာလုပ်ကြတာဖြစ်ပါ တယ်။ရာသီချိန်ဖြစ်တဲ့ သီတင်းကျွတ်မီးထွန်းပွဲတော်ကာလမတိုင်ခင်တစ်လအ ကြိုကနေ တန်ဆောင်တိုင်မီးထွန်းပွဲတော်အထိသာလုပ်ငန်းကာလဖြစ် ပါတယ်။ဟိုးတုန်းကဆိုရင် မီးထွန်းပွဲတော်ကာလ(၃)လလောက်လုပ်ပြီးရင် (၆)လလောက်ထိုင်စားလို့ရတဲ့အထိ လက်မလည်အောင်မီးပုံးလုပ်ခဲ့ရတဲ့အချိန်တွေရှိ တယ်လို့လည်း ဦးဖြူလေးကပြောပြပါတယ်။
“ဦးလေးတို့ငယ်ငယ် အရင်လုပ်ခဲ့တုန်းကဆို မီးပုံးဒီဇိုင်းမျိုးစုံလုပ်ရတယ် ။အလုပ်သမားတွေ ငှားပြီးတော့ပါလုပ်ခဲ့ရတဲ့အချိန်တွေရှိတယ်။အဲ့အချိန်တွေကဆို ဒီအလုပ်တစ်ရာသီ လုပ်ပြီးတာနဲ့၆လလောက်ကထိုင်စားလို့ရတဲ့အချိန်တွေရှိတယ်။ အဲ့တုန်းက အခုလိုလဲ ကုန်ကြမ်းစျေးမများဘူး အခုကတော့ ကိုယ့်လုပ်ငန်းလေးတိမ် ကောသွားမှာဆိုးလို့ ထိန်းလုပ်နေရတာ”လို့ ဦးဖြူလေးကပြောပြပါတယ်။
မီးပုံးလုပ်ဖို့က နှီးဖျာတတ်မှ
လက်မှု၀ါးမီးပုံးလုပ်ဖို့အဓိကကုန်ကြမ်းကတော့ ၀ါးလုံးပါ။လုပ်မယ့်မီးပုံးအရုပ်အမျိုး အစားလိုက် ၀ါးကိုရွေးချယ်အသုံးပြုရတာပါ။၀ါးရွေးချယ်ပြီးသွားရင်တော့ နှီးဖျာတဲ့ အဆင့်ကအရေးအကြီးဆုံးပါ။၀ါးလုံးကို တိုင်းထွာပိုင်းဖြတ်ပြီး နှီးဖျာအရုပ်ချိုးကာ ပုံသွင်းရတာပါ။ဒီအဆင့်ပြီးသွားရင်တော့ ရောင်စုံစက္ကူလေးတွေနဲ့သေသပ်သပ် ကပ်လိုက်တဲ့အခါအရောင်သွေးစုံလင်လှပတဲ့လက်မှု၀ါးမီးပုံးလေးတွေရတာဖြစ်ပါတယ်။
ကုသိုလ်လည်းရပိုက်ဆံလည်းရ
ဒီမီးပုံးလုပ်ငန်းနဲ့ပဲ သူတို့မိသားစုအဆင်ပြေပျော်ရွှင်ခဲ့တဲ့အချိန်တွေကို ဦးဖြူလေးက အမှတ်ရနေဆဲပါ။မီးထွန်းပွဲတော်ချိန်ရောက်တိုင်းလက်မှုမီးပုံးလေးတွေလုပ်ရတာ ကုသိုလ်လည်းရ ပိုက်ဆံလည်းရတဲ့အလုပ်မို့မြတ်နိုးတယ်လို့လည်းသူက ပြောပါတယ်။သူလုပ်နိုင်သမျှဒီအလုပ်ကိုဆက်လုပ်သွားမှာလို့လည်းဆိုပါတယ်။ လက်ရှိမှာတော့ သားသမီးတွေနဲ့အတူ သူမြတ်နိုးတဲ့ လက်မှုမီးပုံးလေးတွေလုပ်ရင်း နှစ်စဥ် သီတင်းကျွတ်၊တန်ဆောင်တိုင် မီးထွန်းပွဲတော်ကာလတွေကို ဖြတ်သန်းနေဆဲဖြစ်ပါတယ်။