Sony ရဲ့ Alpha RX100 VII မှာ သုံးတဲ့ ကင်မရာ sensor နဲ့လာတဲ့ တန်ဖိုးကြီး Sony ဖုန်းသစ် ထွက်လာပြီ ဖြစ်ပါတယ်။
Sony ဟာ ဒီနှစ်ထဲမှာ ပရော်ဖက်ရှင်နယ်တန်းဝင် ကင်မရာစွမ်းရည်မြင့် စမတ်ဖုန်းတွေကို မိတ်ဆက်လာတာပါ။ နှစ်ဆန်းပိုင်းကပဲ ဗွီဒီယိုပရော်ဖက်ရှင်နယ်တွေအတွက် အထူးထုတ်ထားတဲ့ ဒေါ်လာ ၂၅၀၀ (မြန်မာငွေ ၄၇ သိန်းဝန်းကျင်) တန် Xperia Pro ကို ကြေညာခဲ့ပြီး အခုတစ်ခေါက်မှာ ဓါတ်ပုံဝါသနာအိုးတွေအတွက် နောက်ထပ် ပရော်ဖက်ရှင်နယ် Grade စမတ်ဖုန်းတစ်လုံး ထပ်ထုတ်လိုက်တာ ဖြစ်ပါတယ်။
Xperia Pro-I ဟာ ကုမ္ပဏီရဲ့ RX100 VII point-and-shoot ကင်မရာက ၁ လက်မ sensor မျိုး သုံးထားတဲ့ ဖုန်းဖြစ်ပြီး မြင်ဖူးသမျှဖုန်းတွေထဲမှာ sensor အရွယ်အစား အကြီးဆုံးလို့ ဆိုနိုင်ပါတယ်။ ဒီဖုန်းမှာ သုံးထားတဲ့ ပင်မကင်မရာ sensor ဟာ 12MP 2.4µm ဆိုဒ် pixels တွေ ဖြစ်ပြီး အလင်းအားနည်းချိန်ရိုက်ချက်တွေကို ပိုပြီး ကောင်းမွန်စေမယ်လို့ ဆိုပါတယ်။ လက်ရှိထွက်ထားတဲ့ Google Pixel 6 Pro မှာ သုံးတဲ့ pixel ဟာ 1.2µm ရှိပါတယ်။
Photo: Engadget
ကင်မရာစွမ်းဆောင်ရည်အနေနဲ့ Xperia Pro-I ဟာ 12-bit RAW files တွေ ရိုက်နိုင်ပြီး 4K videos တွေကို တစ်စက္ကန့် ဖရိန် ၁၂၀ နှုန်းနဲ့ ရိုက်နိုင်မယ်လို့ ဆိုပါတယ်။ ဒီလို ရိုက်ကူးချိန်မှာလည်း ရိုက်မယ့် subjects ရဲ့ မျက်စိကို ဖမ်းထားပြီး Auto Focus ဖမ်းနိုင်မယ့် Eye Detection AF စနစ်နဲ့ ရိုက်ကူးသွားမှာ ဖြစ်ပါတယ်။ Auto Focus ပိုင်းမှာ ဖရိန်ရဲ့ ၉၀% ကို လွှမ်းခြုံနိုင်တဲ့ points ပေါင်း ၃၁၅ ပွိုင့်နဲ့ focus ဖမ်းမယ်လို့ ဆိုပါတယ်။
Pro-I ဟာ ဓါတ်ပုံ/ဗွီဒီယို ရိုက်ရာမှာ Auto-Focus နဲ့ Auto-Exposure နှစ်မျိုးလုံး ဖွင့်လျက်သား တစ်စက္ကန့်ကို 20fps နှုန်းနဲ့ ရိုက်နိုင်မယ့် Sony BIONZ X imaging processor နဲ့လာပါတယ်။ sensor ရဲ့ readout speed မြန်ဆန်မှုကြောင့် shutter မငြိမ်တာမျိုး ဖြစ်မှာ မဟုတ်ဘူးလို့လည်း ကုမ္ပဏီက ဆိုပါတယ်။ Exmor RS sensor ရဲ့ အရှေ့မှာ Zeiss နည်းပညာနဲ့ coated လုပ်ပြီး stabilized ဖမ်းထားတဲ့ 24mm lens ပါရှိပါတယ်။ ဒီ lens မှာ အပါချာကို f/2.0 ကနေ အမြင့်ဆုံး 4/4.0 အထိ ပြောင်းနိုင်မှာပါ။
main ကင်မရာနဲ့အတူ 16mm 12MP ultrawide sensor ၊ 50mm 12MP 2x telephoto sensor ၊ 3D iToF sensor တို့ သုံးထားပါတယ်။ Sony ဟာ Xperia Pro-I မှာ ဓါတ်ပုံရိုက်ဖို့အတွက် physical camera controls ခလုတ် နှစ်ခုပါ ထည့်သွင်းထားပါတယ်။ တစ်ခုက နှစ်ဆင့် shutter ခလုတ်နဲ့ နောက်တစ်ခုက Videography Pro app နဲ့ တွဲဖို့အတွက် စက်ဝိုင်းပုံ shortcut button ဖြစ်ပါတယ်။ Videography Pro app ဟာ ပရိုအဆင့်ကင်မရာကိုင်တွယ်နိုင်မယ့် features တွေ ပါရှိပါတယ်။
Photo: wccftech
တခြားအချက်အလက်တွေအနေနဲ့ Xperia Pro-I ဟာ Xperia 1 III နဲ့ တစ်ပုံစံတည်းလို့ ပြောနိုင်ပါတယ်။ ၆.၅ လက်မဆိုဒ် 4K OLED display ဟာ 120Hz Refresh Rate ပါရှိပြီး Snapdragon 888 chipset ၊ RAM 12GB နဲ့လာပါတယ်။ microSD card support ပေးထားသလို onboard storage 512GB အထိလည်း ရပါတယ်။ 4500mAh ဘက်ထရီပါဝါသုံးထားပြီး ဖုန်းဗူးထဲမှာ Case တစ်ခု ၊ 30W charger တစ်ခုနဲ့ USB cable တစ်ခုလည်း ထည့်ပေးထားပါတယ်။
ဒီဇင်ဘာလထဲမှာ ပြင်သစ် ၊ ယူကေ ၊ ဂျာမနီ ၊ နယ်သာလန်နဲ့ ဥရောပမြောက်ပိုင်း ဈေးကွက်တွေထဲ ဖြန့်ချိသွားမှာ ဖြစ်ပြီး အဲ့ဒီဈေးကွက်တွေမှာ ပေါင် ၁၈၀၀ ဈေးနဲ့ ရောင်းချသွားမှာ ဖြစ်ပါတယ်။ အမေရိကန်ဈေးကွက်မှာ ဒီဖုန်းကို ဒေါ်လာ ၁၈၀၀ (မြန်မာငွေ ၃၅ သိန်းဝန်းကျင်) ဈေးနဲ့ ဖြန့်ချိသွားမှာပါ။
Share