ဘာကာကွင်းလယ်လူဟောင်းက ပြောဆိုလိုက်တာပါ။

ဒီရာသီကမှ ပီအက်စ်ဂျီကို ပြောင်းရွှေ့လာခဲ့တဲ့ မက်ဆီဟာ တနှစ်အကြာမှာပဲ အသင်းကနေ ပြန်လည်ထွက်ခွာသွားနိုင်တယ်လို့ ဘာစီလိုနာကစားသမားဟောင်းတဦးက ပြောဆိုလိုက်ပါတယ်။ အသက် ၃၄ နှစ်အရွယ်ကစားသမားဟာ ပီအက်စ်ဂျီကို ဘာစီလိုနာကနေ အလွတ်ပြောင်းရွှေ့လာခဲ့တာဖြစ်ပြီး လီဂူးပြိုင်ပွဲမှာ ၁၁ ပွဲကစားအပြီး ၁ ဂိုးတည်းသာ သွင်းယူထားနိုင်ခဲ့ပါတယ်။ 

ဒါပေမယ့်လည်း ချန်ပီယံလိဂ်မှာတော့ မက်ဆီက ခြေစွမ်းပြနေခဲ့ပြီး သွင်းဂိုး ၅ ဂိုးအထိ သွင်းယူပေးထားခဲ့ကာ အသင်းကို နောက်တဆင့်တက်ရောက်နိုင်ဖို့ ကူညီပေးခဲ့ပါတယ်။ ဒါပေမယ့် ပီအက်စ်ဂျီသာ ချန်ပီယံလိဂ်မှာ အောင်မြင်မှုမရခဲ့ဘူးဆိုရင်တော့ မက်ဆီက ပြင်သစ်မြေကို ချက်ချင်းစွန့်ခွာသွားလိမ့်မယ်လို့ ဘာကာကွင်းလယ်လူဟောင်း လိုဘိုကာရက်စ်ကိုက El Chiringuito TV ကို ပြောဆိုလိုက်ပါတယ်။ 


"မက်ဆီက အမြဲတမ်း ဘာစီလိုနာမှာ နေထိုင်ခဲ့တာကို သတိရနေတာပါ၊ သူ့စိတ်က ဘာစီလိုနာမှာရှိနေပါတယ်၊ တကယ်လို့ သူ အောင်မြင်ခဲ့မယ်ဆိုရင်၊ ချန်ပီယံလိဂ်ဖလားရခဲ့မယ်ဆိုရင်ပြောတာပါ၊ သူ ပီအက်စ်ဂျီမှာ နောက်တနှစ်ဆက်ရှိနေပါလိမ့်မယ်၊ တကယ်လို့ ပီအက်စ်ဂျီကသာ ချန်ပီယံလိဂ်ဖလားမရခဲ့ဘူးဆိုရင်တော့ ဒီနှစ်က သူ ဒီအသင်းမှာ နောက်ဆုံးကစားပေးတာမျိုးဖြစ်လာနိုင်ပါတယ်"

"သူ့ရဲ့ အားကစားပိုင်းဆိုင်ရအမြင်နဲ့ပတ်သက်ပြီး ဆုံးဖြတ်ခဲ့တဲ့အပေါ် နောင်တရနေမယ်လို့လည်း ကျနော်ကတော့ မထင်ဘူး၊ ဒါပေမယ့် ပုဂ္ဂိုလ်ရေးအရဆိုရင်တော့ သူ အမှားလုပ်ခဲ့မိတယ်လို့ ကျနော်ထင်တယ်" လို့ သူက ပြောဆိုခဲ့ပါတယ်။ မက်ဆီကတော့ လက်ရှိမှာ ကိုဗစ်ကူးစက်ခံထားရပြီး ပီအက်စ်ဂျီရဲ့ နှစ်သစ်အစပွဲစဉ်ကို လွဲချော်ခဲ့ရပြီး ဒီတပတ်ကစားရမယ့် လိုင်ယွန်နဲ့ပွဲကိုလည်း လွဲချော်ဦးမှာဖြစ်ပါတယ်။ 

ကိုဗစ်ကူးစက်ပြီးနောက် အသင်းကို သတင်းပေးပို့မှု တိုက်ရိုက်မလုပ်ခဲ့လို့လည်း မက်ဆီတယောက် ဝေဖန်ခံနေရပြီး လေးစားမှုကင်းမဲ့တဲ့ကစားသမားဖြစ်နေတယ်လို့ ပီအက်စ်ဂျီကစားသမားဟောင်းရိုသန်က ပြောဆိုခဲ့ပါသေးတယ်။ 

Share

က္က